ကရင်နီဒုက္ခသည်စခန်းတွင် ၁၄၉ နှစ်မြောက် ကရင်နီအမျိုးသားနေ့အခမ်းအနား ကျင်းပ

ကရင်နီဒုက္ခသည်စခန်းတွင် ၁၄၉ နှစ်မြောက် ကရင်နီအမျိုးသားနေ့အခမ်းအနား ကျင်းပ

ကရင်နီဒုက္ခသည်စခန်း အမှတ် (၁)တွင် (၁၄၉)နှစ်မြောက် ကရင်နီအမျိုးသားနေ့ အခမ်းအနားကို ကျင်းပကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဇွန်လ (၂၁) ရက်နေ့တွင် ကျရောက်သည့် (၁၄၉)နှစ်မြောက် ကရင်နီအမျိုးသားနေ့အခမ်းအနားအတွက် NUG (အမျိုးသားညီညွတ်ရေးအစိုးရ)၊ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)တို့အပါအဝင် အဖွဲ့အစည်းအသီးသီးကလည်း သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

“ယနေ့ကျရောက်သည့် (၁၄၉)နှစ်မြောက် ကရင်နီအမျိုးသားနေ့ အခါသမယတွင် ကရင်နီတိုင်းရင်းသားလူမျိုးများအားလုံး စစ်ဘေး၊ စစ်ဒဏ်များမှ လွတ်မြောက်အောင် စွမ်းဆောင်နိုင်ကြပြီး စည်ပင်သာယာဝပြောသည့် ကရင်နီပြည်ကို စုစည်းညီညွတ်စွာဖြင့် အမြန်ဆုံး ထူထောင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။”ဟု NUG က ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

ဗမာဘုရင်ကိုယ်စား ကင်းဝန်မင်းကြီး ဦးကောင်းနှင့် အင်္ဂလိပ်ဘုရင်ခံချုပ်ကိုယ်စား ဆာဒေါ့ကလပ်ဖောဆစ်(သ်)တို့က ၁၈၇၅ခုနှစ်၊ ဇွန်လ (၂၁)ရက်နေ့တွင် ကရင်နီပြည်ကို သီးခြားလွတ်လပ်သည့်ပြည်အဖြစ် အသိအမှတ်ပြုပြီး မည်သည့်နည်းနှင့်မျှ အုပ်ချုပ်စိုးမိုးခြင်း ပြုမည်မဟုတ်ကြောင်း  နှစ်နိုင်ငံအကြား သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြသည့်နေ့ကို ကရင်နီအမျိုးသားနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ်ကျင်းပကြခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: KnIC