အာဏာသိမ်းအဖွဲ့က မိုဘိုင်းဆင်းကတ်များ ဝန်ဆောင်ခ ကျပ်(၂)သောင်းနှင့် အင်တာနက်ကုမ္ပဏီများထံ လုပ်ငန်းခွန် (၁၅)ရာခိုင်နှုန်း ကောက်မည်

အာဏာသိမ်းအဖွဲ့က မိုဘိုင်းဆင်းကတ်များ ဝန်ဆောင်ခ ကျပ်(၂)သောင်းနှင့် အင်တာနက်ကုမ္ပဏီများထံ လုပ်ငန်းခွန် (၁၅)ရာခိုင်နှုန်း ကောက်မည်
ဇန်နဝါရီ 6, 2022 | အခြားဒေသများ

အာဏာသိမ်းပြီး (၁၁)လကျော်အကြာတွင် မိုဘိုင်းဆင်းကတ်တစ်ကတ်လျှင် ဝန်ဆောင်ခ ကျပ်(၂)သောင်းနှင့် အင်တာနက်ကုမ္မဏီများကို လုပ်ငန်းခွန်(၁၅)ရာခိုင်နှုန်းကောက်ယူမည်ဟု အာဏာသိမ်းအဖွဲ့က ယနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၆)ရက်နေ့တွင် ထုတ်ပြန်သည်။

လွှတ်တော်မရှိဘဲ ဥပဒေပြင်ဆင်ပြဌာန်းနေသည့် အာဏာသိမ်းစစ်ကောင်စီက ၂၀၂၁ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေတွင် ယင်းသို့ပြဌာန်းလိုက်ခြင်းဖြစ်သည်။

ယင်းကုန်သွယ်ခွန်ဥပ‌ဒေပြဌာန်းချက်တွင် ဆင်းကတ်ရောင်းချမှုနှင့် ဆင်းကတ်ကို စတင်အသုံးပြုရန် ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှု( Sim card Activation  )အပေါ် ဆင်းကတ်တစ်ကတ်လျှင် ကျပ်(၂)သောင်းနှုန်းဖြင့် ကုန်သွယ်ခွန်ဆောင်ရမည်ဟု ဆိုထားသည်။

ယင်းအပြင် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းမှ ရငွေအပေါ် (၁၅)ရာခိုင်နှုန်း ကုန်သွယ်ခွန်ပေးဆောင်ရမည်ဟုလည်း ဆိုထားသည်။ 

အခွန်တိုးကောက်ရန် ကြိုးစားနေသည့် အာဏာသိမ်းစစ်ကောင်စီက ယင်းကဲ့သို့ တိုးမြှင့်ကောက်ခံခြင်းမှာ   အင်တာနက်ကို အလွန်အကျွံသုံးစွဲခြင်းများကြောင့် ပြည်သူများ၏ အလုပ်အကိုင်များကို ထိခိုက်မှုများ၊ မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများ၏ ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို လျှော့ချရေးဟု အကြောင်းပြချက်ပေးထားသည်ကို တွေ့ရသည်။

၎င်းတို့ပြင်ဆင်သည့်ဥပဒေကို ၂၀၂၂ ခုနှစ်ဇန်နဝါရီလ(၈)ရက်မှ မတ်လ(၃၁)ရက်နေ့အထိ (၃)လသာ အကျိုးသက်ရောက်ရမည်ဟုလည်း ပြဌာန်းထားသည်။

 

အာဏာသိမ်းမှုကြောင့် နိုင်ငံတွင်း လူအများစု စီးပွားရေးချွတ်ခြုံကျကာ အဘက်ဘက်က ယိုယွင်းနေပြီး လူငယ်အများစုမှာ အင်တာနက်မှတစ်ဆင့် ပညာသင်ကြားရေးကို လုပ်ဆောင်နေကြရချိန်တွင် အာဏာသိမ်းအဖွဲ့က အခွန်တိုးကောက်ခြင်းကို လုပ်လာခြင်းဖြစ်သည်။