ဆော - ဆိပ်ဖြူလမ်းကြောင်းပေါ်တွင် (၃)ရက်အတွင်း တရားမဝင်သစ် (၁၀)တန် နီးပါး နှင့် ဒလန်တစ်ဦးကို လောင်းရှည် PDF အဖွဲ့က ဖမ်းမိ

ဆော - ဆိပ်ဖြူလမ်းကြောင်းပေါ်တွင် (၃)ရက်အတွင်း တရားမဝင်သစ် (၁၀)တန် နီးပါး နှင့် ဒလန်တစ်ဦးကို လောင်းရှည် PDF အဖွဲ့က ဖမ်းမိ
အောက်တိုဘာ 29, 2021 | အခြားဒေသများ

 မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ လောင်းရှည်ဒေသအတွင်း လောင်းရှည်‌ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LS-PDF)က ဆော - ဆိပ်ဖြူလမ်းကြောင်းပေါ်တွင် (၃)ရက်အတွင်း တရားမဝင်သစ် (၁၀)တန်နီးပါးနှင့် သတင်းပေးဒလန်တစ်ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။

လောင်းရှည်ဒေသအတွင်း ဆော - ဆိတ်ဖြူ လမ်းကြောင်းပေါ်တွင် ၂၀၂၁ခုနှစ် အောက်တိုဘာလ(၂၆)ရက်နေ့က   သစ်(၂)တန်ကျော်၊ အောက်တိုဘာလ(၂၇)ရက်နေ့က သစ်(၄)တန်ကျော် နှင့် အောက်တိုဘာလ(၂၈)ရက်နေ့က သစ်(၃)တန် စုစုပေါင်း သစ်(၁၀)တန်နီးပါးကို ဖမ်းဆီးသိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

တရားမဝင်သစ်များနှင့်အတူ ဖမ်းဆီးရရှိမှုများအနက် အောက်တိုဘာလ(၂၈)ရက်နေ့က ဖမ်းဆီးရမိသည့် သစ်(၃)တန် နှင့်အတူ အာဏာသိမ်းစစ်တပ်၏ သတင်းပေးဒလန်ဟုဆိုသူ တစ်ဦးကိုလည်း ဖမ်းမိသည်ဟု သိရသည်။

ဖမ်းမိသည့် ဒလန်ဟုဆိုသူသည် ဆိတ်ဖြူမြို့နယ် ဒေသခံဖြစ်ပြီး ၎င်းသည် အာဏာသိမ်းစစ်တပ် နှင့် ပူးပေါင်းကာ ပြည်သူများအား ဖမ်းဆီးနိုင်ရန် သတင်းပေးခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးရာတွင် ပါဝင်ကူညီခြင်းများရှိကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်များအရ သိရခြင်းကြောင့် ဖမ်းဆီးပြီး  အပြစ်ပေးအရေးယူနိုင်ရန် S.P.P.D.F. ( Southern Pauk PDF ) အမှတ်(၂)တပ်ရင်းအဖွဲ့သို့ လွှဲပြောင်းပေးလိုက်ကြောင်း LS-PDF က သတင်း ထုတ်ပြန်ထားသည်။ 

လောင်းရှည်ဒေသအတွင်းအတွင်း၌ အာဏာသိမ်းစစ်တပ်အား တိုက်ခိုက်နေသလို တရားမဝင် သစ်ခိုးထုတ်နေမှုများ နှင့် တရားမဝင် သစ်ပင်ခုတ်လဲ နေမှုများကိုလည်း အရေးယူနေသည့် လောင်းရှည်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LS-PDF)က အာဏာသိမ်းစစ်တပ်နှင့်နောက်လိုက် နောက်ပါများ ဒေါက်တိုင်များကို ထိရောက်ပြင်းထန်သည့် တုံ့ပြန်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားရှိသည်။

 

Photo: LS PDF