မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့  

မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့  
အောက်တိုဘာ 26, 2021 | အခြားဒေသများ

မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖြစ် မြောင်မြို့နယ်အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့(MWW)ကို ဖွဲ့စည်း ထားကြောင်း ၂၀၂၁ခုနှစ် အောက်တိုဘာလ(၂၆)ရက်နေ့တွင် ပုံရိပ်များနှင့်အတူ ပြည်သူများအား MWW က ထုတ်ပြန် အသိပေးလာသည်။

ကျွန်မတို့ အဖွဲ့အမည်ကို Myaung Women Warriors -MWW လို့ အမည်ပေးထားပါတယ်။ မြန်မာလိုဆိုရင်တော့ အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့ပေါ့ရှင်။ ကျွန်မတို့သည် အမျိုးသမီးများဖြစ်သည်။ မှန်၏။ ပုခက်လွှဲသောလက်များလည်းဖြစ်သည်။ မှန်ပါသည် ။ ထို့အပြင် အာဏာရှင်ကိုတော်လှန်နေသော အမျိုးသမီးများလည်းဖြစ်ကြပါသည်။

ဟု မြောင်မြို့နယ်အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့ ဖော်ပြထားသည်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့က စပြီး အာဏာသိမ်းစစ်တပ်ကို အမျိုးသမီးထုက သပိတ်စစ်ကြောင်းများစွာဖြင့် ကျားမ တန်းတူ သပိတ်မှောက်ခြင်းကို စတင်ခဲ့ပြီး ယခုအခါမှာ လက်ကိုင်တိုက်ပွဲဝင်ရန် ပြင်ဆင်နေသည့် အမျိုးသမီးများဖြစ်လာခဲ့ပြီး MWW အဖွဲ့သည်  အမျိုးသမီးများဖြင့် ဖွဲစည်းထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ 

အာဏာသိမ်းခြင်းကို လက်မခံနိုင်သည့် အမျိုးသမီးများသည် အမျိုးသားများနှင့် နည်းတူ တန်းတူ အာဏာရှင်ကို တော်လှန်သည့်နေရာတွင် အင်အားအပြည့် ပါဝင်သွားမည်ဖြစ်ပြီး  စစ်မှန်သော ဖက်ဒရယ်ဒီမိုက‌ရေစီ နိုင်ငံတော်သစ်တစ်ရပ် ပေါ်ပေါက်လာ‌ရေးအတွက် စွမ်းစွမ်းတမံပါဝင်ဖြစ်ကြောင်း အသိပေးထားသည်။

#TachileikNewsAgency

Photo: MWW