ပဲခူးတိုင်း ဖြူးမြို့နယ် ဇေယျဝတီမြို့ အမဲခေါင်ကျေးရွာအုပ်စုရှိ ဟိန္ဒူဘုရားကျောင်းကို စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံ (၇)ဦး သေဆုံးပြီး (၄)ဦး ထိခိုက်ဒဏ်ရာရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသက ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ဇေယျဝတီမြို့အရှေ့ဘက် အမဲခေါင်ကျေးရွာအုပ်စု ရမ်းနဂါးကျေးရွာလမ်းဆုံရှိ ဟိန္ဒူဘုရားကျောင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးသီး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်ခံရသည့် ဟိန္ဒူဘုရားကျောင်း တည်ရှိရာနေရာသည် လမ်းဆုံဖြစ်၍ ဈေးရောင်းဈေးဝယ် ပြုလုပ်နေကြသည့် ဒေသခံပြည်သူ (၇)ဦး သေဆုံးခဲ့ကာ (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။
ဖြူးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ နှောင်းပိုင်းကစ၍ ဒရုန်းဖြင့် အပြန်အလှန် ပစ်ခတ်ခြင်းနှင့် ထိတွေ့တိုက်ပွဲတချို့ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ စစ်ဘက် ၊ အရပ်ဘက်မခွဲခြားဘဲ အရပ်သားပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်သည်ဟု တောင်ပိုင်းစစ်ဒေသက ဆိုသည်။
စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားနေရာများအား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေသည့် စစ်ကောင်စီတပ်အား ပြင်းထန်စွာရှုံ့ချကြောင်းနှင့် လုပ်ဆောင်သူများအား ထိုက်တန်သည့် ပြစ်ဒဏ်ပေးရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသက အသိပေးထားသည်။
#TachileikNewsAgency
#TNA_LE
Photo: တောင်ပိုင်းစစ်ဒေသ