ဂန့်ဂေါမြို့နယ်တွင်း ကျေးရွာများတွင် အာဏာသိမ်းစစ်တပ်က  အရပ်သားများအပေါ် အကြောင်းမဲ့ ဖမ်းဆီးမှု  တစ်နေ့တခြား ပိုမိုများလာ၍ သွားလာ သတိထားကြရန် အသိပေး

ဂန့်ဂေါမြို့နယ်တွင်း ကျေးရွာများတွင် အာဏာသိမ်းစစ်တပ်က  အရပ်သားများအပေါ် အကြောင်းမဲ့ ဖမ်းဆီးမှု  တစ်နေ့တခြား ပိုမိုများလာ၍ သွားလာ သတိထားကြရန် အသိပေး
အောက်တိုဘာ 10, 2021 | အခြားဒေသများ

 မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်အတွင်း ကျေးရွာများတွင် အာဏာသိမ်းစစ်တပ်က အရပ်သားများကို အကြောင်းမဲ့ ဖမ်းဆီးမှုများ တစ်နေ့တခြား ပိုမို လုပ်ဆောင်လာသည့်အတွက် ပြည်သူများအနေဖြင့် တောင်ယာသွားခြင်းနှင့် ခရီးသွားခြင်းများ ရှောင်ကြဉ်ပြီး သတိဖြင့် နေထိုင်ကြရန် ဒေသခံကာကွယ်ရေးအဖွဲ့တစ်ဖွဲ့က ၂၀၂၁ခုနှစ် အောက်တိုဘာလ(၁၀)ရက်နေ့တွင် အသိပေးမေတ္တာရပ်ခံထားသည်။



ဂန့်ဂေါမြို့နယ်အတွင်း နေပြည်သူများအနေဖြင့် မဖြစ်မနေ တောင်ယာသွားခြင်း၊ ခရီးသွားလာခြင်းနှင့် ညဘက် ထွက်ရသည်များရှိပါက အာဏာသိမ်းစစ်တပ်၏ လမ်းကြောင်းများကို နားဆင့်ကာ အချင်းချင်း အဆင်ပြေသည့် နည်းလမ်းဖြင့် ချိတ်ဆက်အသိပေးနိုင်ရန်လည်း အသိပေးထားသည်။

"အလိုရှိစာရင်း ပါဝင်သူများ၊ လူငယ်များ အနေဖြင့် လုံခြုံ စိတ်ချရသည့်နေရာများ ပြင်ဆင်ထားပါ။ ဖြစ်နိုင်လျှင် ၎င်းနေရာများကို ရွှေ့ပြောင်းနေထိုင်ပါ။"ဟု ဒေသခံကာကွယ်ရေးအဖွဲ့တစ်ဖွဲ့က အသိပေးထားသည်။

အာဏာသိမ်းစစ်တပ်က ဂန့်ဂေါမြို့နယ်အတွင်း အပြစ်မဲ့ပြည်သူများကို အကြောင်းအမျိုးမျိုးပြကာ စွတ်စွဲပြီး ဖမ်းဆီးကာ စစ်ကြောင်းများတွင် လူသားဒိုင်းအဖြစ် အသုံးပြုခြင်းအပြင် ဖမ်းဆီးခံရသူများ၏ အခြေအနေများပေါ် မူတည်ပြီး ငွေကြေးဖြင့် ပြန်ရွေးခိုင်းသည့် ဖြစ်စဉ်များမှာ (၁၀)ကြိမ်ထက် မနည်းဖြစ်ပေါ်နေသလို ယမန်နေ့ အောက်တိုဘာလ(၉)ရက်နေ့ညပိုင်းကလည်း ဂန့်ဂေါမြို့နယ်အတွင်း အုတ်လှကျေးရွာမှ ပြည်သူ အနည်းဆုံး (၅)ဦးအထက်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။  

#TachileikNewsAgency