စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် လက်ထုတ္တောကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် မေလ (၁၁)ရက်နေ့ မနက်ပိုင်းတွင် ဝင်စီးကာ ဒေသခံ (၃၀)ဦးကျော်ကို အစုလိုက်အပြုံလိုက်ပစ်သတ်ပြီး အချို့ကို ဖမ်းဆီးသွားကြောင်း သိရသည်။
စစ်ကောင်စီတပ်များ တပ်စွဲထားသည့် မြောင်လမ်းခွဲမှ စစ်ကြောင်းနှင့် ချောင်းဦးနတ်ရေခံမှ စစ်ကြောင်း တို့သည် အင်အား(၁၀၀)ဝန်းကျင်ဖြင့် လက်ထုတ္တောကျေးရွာကို နံနက် ၅ နာရီဝန်းကျင်တွင် ပစ်ခတ်ဝင်စီးကာ ဘုန်းကြီးကျောင်းအတွင်း တိမ်းရှောင်နေကြသည့် ဒေသခံများအား ခေါ်ထုတ်ကာ ပစ်သတ်သွားခြင်းဖြစ်သည်။
"ရွာထဲကိုမဝင်ခင် လက်နက်ကြီး အချက် ၃၀ လောက်ပစ်ပြီးတော့ လက်နက်ငယ်တွေနဲ့ တရဆက် ပစ်ပြီးတော့ ဝင်လာတာပေါ့။ ဝင်လာတဲ့အချိန်မှာ ပြည်သူတွေကလည်း ပြေးမိပြေးရာ ပြေးကြတာပေါ့။ ဘုန်းကြီးကျောင်းဝန်းထဲ ပြေးဝင်တဲ့ သူကလည်းပြေးကြ ရွာပြင် ပြေးတဲ့သူတွေကလည်း ပြေးကြတာပေါ့။ စစ်ကောင်စီတပ်က ရွာထဲကိုဝင်လာတဲ့အချိန်မှာ ဘုန်းကြီးကျောင်းမှာရှိတဲ့ စစ်ဘေးရှောင်တွေကို ခေါ်ထုတ်ပြီးတော့ အမျိုးသားတွေကို အကုန်ပစ်သတ်သွားတာပေါ့"ဟု CDSOM အဖွဲ့မှ ကိုနွေဦး-မြောင်က Tachileik News Agency ကိုပြောသည်။
စစ်ကြောင်းထိုးဝင်စီးသည့် စစ်ကောင်စီတပ်များသည် မြောင်လမ်းခွဲတ္ငင် အမြဲတမ်းအထိုင်ချထားသည့် တပ်ဖြစ်ကာ ချောင်းဦးနတ်ရေခံတပ်မှာ တစ်နှစ်ကျော်ကြာ တပ်စွဲထားခြင်းဖြစ်ပြီး လက်ထုတ္တောကျေးရွာနှင့် တစ်မိုင်ခွဲအကွာမှ အင်အား(၃၀)ဝန်းကျင်ရှိ အထိုင်ချထားသော စစ်ကောင်စီတပ်မျာလည်း ပါဝင်သည်ဟု ဆိုသည်။
"အမျိုးသမီးတွေကော အကုန်သတ်မယ်ဆိုပြီးတော့ သူတို့က(စစ်ကောင်စီတပ်)လုပ်တဲ့အချိန်မှာ ဝိုင်းပြီးတော့ တောင်းပန်ကြတာပေါ့ဗျာ။ တောင်းပန်တဲ့အတွက်ကြောင့်မို့လို့ ဒီတစ်ခေါက်တော့မသတ်ဘူး။ နောက်တစ်ခေါက်လာလို့ ဒီလမ်းပေါ်မှာ သူတို့ကို ပြန်ပစ်တာမျိုးတွေ မိုင်းဆွဲတာမျိုးတွေ လုပ်တယ်ဆိုရင်တော့ အမျိုးသမီးတွေရော ကလေးတွေရော အကုန်သတ်မယ်ဆိုပြီး ခြိမ်းခြောက်သွားတယ်"ဟု ကိုနွေဦးက ဆက်ပြောသည်။
စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသူများထဲတွင် အမျိုးသမီးတစ်ဦးအပါအဝင် အသက်အရွယ်အားဖြင့် (၁၅)နှစ် ဝန်းကျင်မှ အသက်(၇၀)ဝန်းကျင်အထိ သေဆုံးခဲ့ရပြီး (၁၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
"အပြုံလိုက်ပစ်သတ်ချိန်မှာ မသေဘဲနဲ့ ကျန်ခဲ့တဲ့သူတစ်ဦးရှိတယ်ပေါ့။ သူတို့က ခေါင်းလှုပ်ရင် ခေါင်းပစ်တယ်ပေါ့နော်။ ခြေထောက်လှုပ်ရင် ခြေထောက်ပစ်တယ်။ မသေဘဲ ကျန်ခဲ့တဲ့တစ်ယောက်က သူ့အပေါ်မှာ အလောင်းတွေ ပုံထပ်ထားတော့ သူက အောက်မှာဆိုတဲ့အခါကျတော့ လှုပ်လို့မရဘူးပေါ့။ အဲဒီလိုမျိုးနဲ့ အသက်ရှင်ကျန်ခဲ့တယ်။ ဒဏ်ရာတော့ ပြင်းပြင်းထန်ထန်ရသွားတယ်။ ပစ်သတ်ပြီးတော့ ဘုန်ကြီးကျောင်းဝန်းထဲ ပုံထားခဲ့တယ်"ဟု ကိုနွေဦးက ဆက်ပြောသည်။
လက်ထုတ္တောကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်များ ဝင်ရောက်လာသည့်သတင်းကြောင့် တော်လှန်ရေးတပ်များက ကူညီရန် သွားရောက်ခဲ့သော်လည်း ရွာသို့ရောက်သည့်အချိန်တွင် စစ်ကောင်စီတပ်များကို မတွေ့ရတော့ဟု ဆိုသည်။
"သူတို့က ချက်ခြင်းဝင်တယ်၊ ပစ်သတ်တယ်။ ပြီးလို့ရှိရင် ရွာကိုမီးရှို့သွားတယ်။ အဲ့ဒီရွာက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က တစ်ကြိမ် မီးရှို့ခံရလို့ အိမ်ခြေ (၄၀၀)ကျော် ပျက်စီးထားတယ်။ ကျန်တာကတော့ အိမ်ပေါင်း (၂၅)အိမ်လောက်ပဲကျန်တာ။ မီးလောင်သွားတဲ့အိမ်တချို့ကတော့ မီးရှို့ခံရလို့ တဲလေးတွေနဲ့ ပြန်ဆောက်နေတာပေါ့ဗျာ။ အခုတစ်ကြိမ်လည်း ကျန်ခဲ့တဲ့အိမ်ကောင်းတွေရော မီးရှို့သွားတယ်ပေါ့နော်။ ကျန်တဲ့အိမ် အကုန်လောင်သွားတယ်"ဟု ကိုနွေဦးက ဆက်ပြောသည်။
လက်ရှိတွင် သေဆုံးသူများကို မြေမြှပ်သင်္ဂြုလ်ရန် လုပ်ဆောင်နေပြီး ဖမ်းဆီးခေါ်ဆောင်သွားသည့် (၁၀)ဦးကျော်တွင် အမျိုးသမီးအများစုပါဝင်ကြောင်းသိရကာ လက်ရှိအချိန်ထိ ပြန်မလွတ်သေးဟု သိရသည်။
#TachileikNewsAgency
Photo: အမှတ်(၁) စစ်ဒေသ