လောက်ကိုင်မြို့ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှု တစ်ဦးသေဆုံး ဟိုတယ်နှင့် အဆောက်အဦးများပျက်စီး

လောက်ကိုင်မြို့ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှု တစ်ဦးသေဆုံး ဟိုတယ်နှင့် အဆောက်အဦးများပျက်စီး
ဇူလိုင် 15, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့ကို စစ်ကောင်စီတပ်က ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၄)ရက်နေ့ နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲရာ ဟိုတယ်များပျက်စီးပြီး လူတစ်ဦးဒဏ်ရာရကာ သေဆုံးကြောင်း MNDAA က သတင်းထုတ်ပြန်သည်။

လေကြောင်းတိုက်ခိုက်ခံရခြင်းကြောင့် လုပ်ငန်းရှင်များနှင့် ဒေသခံအချို့သည် ပစ္စည်းများရွှေ့ပြောင်းခဲ့ရပြီး Wang အမည်ရှိ (၃၇)နှစ်အရွယ် ဆီအောရွာနေသူ၏ ရုပ်အလောင်းအား MNDAA က မီးသဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် Royal Lever Hotel နှင့် Dongcheng International Hotelတို့ ပျက်စီးပြီး ပေါက်ကွဲအားကြောင့် အနီးပတ်ဝန်းကျင်ရှိ အဆောက်အဦးများလည်း ပျက်စီးသွားကြောင်း သိရသည်။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် Royal Lever Hotel ပျက်စီးသွားကာ တိယထပ်ရှိ လူဦးရေ(၂၀)ကျော်အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

Dongcheng International Hotel တွင်လည်း အပျက်အစီးများပြီး (၅)လွှာအခန်းတွင်နေထိုင်သည့် အရပ်သားတစ်ဦး သေဆုံးကာ အပေါ်ထပ်များ၌ နေထိုင်သူများနှင့် ကွယ်လွန်သူ၏ ဆွေမျိုးများအပါအဝင် အများစုသည် ဘေးကင်းရာသို့ ပြောင်းရွှေ့ခဲ့ရသည်ဟု သိရသည်။

လွန်ခဲ့သည့် ရက်ပိုင်းကလည်း စစ်ကောင်စီတပ်သည် လူနေရပ်ကွက်များကို ပစ်မှတ်ထားပြီး သိန္နီခရိုင်ရှိ စာသင်ကျောင်းများနှင့် ဘုန်းကြီးကျောင်းများကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယင်းမတိုင်မီက လောက်ကိုင်မြို့သို့ ဝေဟင်မှ ထောက်လှမ်းမှုများပြုလုပ်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: The Kokang