ကရင်ပြည်နယ်၊ မူတြော်ခရိုင်အတွင်းရှိ ကျေးရွာများသို့ ၂၀၂၁ ခုနှစ် မေလအတွင်း ယင်းဒေသအခြေစိုက် စစ်ကောင်စီလက်အောက်ခံတပ်စခန်းများမှ နေ့စဉ် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများပြုလုပ်နေသည်။
မူတြော်ခရိုင်၊ လူသောမြို့နယ်ရှိ ဝါကလူတူနှင့် ကိုကော်ဒေးအခြေစိုက် စစ်ကောင်စီတပ်စခန်းများမှ ယနေ့မေလ (၂၁) ရက်နေ့တွင် မူနွယ်ပလောဒေသအတွင်းသို့ လက်နက်ကြီး (၅) လုံးပစ်ချခဲ့သဖြင့် လယ်ယာလုပ်ငန်းများ ထိခိုက်ခဲ့ကြောင်း သိရသည်။
မေလ (၂၀) ရက်နေ့ မနက်ပိုင်းတွင်လည်း မယ်တရိထာ(မယ်ခါးထာ) အခြေစိုက် အမှတ်(၃၄၀)ခြေမြန်တပ်ရင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာတွင် ထိုင်းနိုင်ငံဘက်သို့ လက်နက်ကြီးကျည် ကျရောက်မှုများဖြစ်ပေါ်ခဲ့သည်။
ယင်းသို့ ပစ်ခတ်မှုများကြောင့် ထိုင်းနိုင်ငံဘက်မှ ကျေးရွာသူကျေးရွာသားများက အခြားဒေသသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။