ဖမ်းဝရမ်းထုတ်ခံထားရသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ထိုင်းနှင့် ရုရှားနိုင်ငံမှ ဝန်ကြီးများ လာရောက် ဂါဝရပြု

ဖမ်းဝရမ်းထုတ်ခံထားရသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ထိုင်းနှင့် ရုရှားနိုင်ငံမှ ဝန်ကြီးများ လာရောက် ဂါဝရပြု

အာဂျင်တီးနားတရားရုံးမှ ဖမ်းဝရမ်းထုတ်ရန် အမိန့်ချပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ထိုင်းနှင့် ရုရှားနိုင်ငံမှ ဝန်ကြီးများ လာရောက်ဂါဝရပြုကြသည်ဟု စစ်ကောင်စီဘက်က ဖော်ပြသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး H.E.Mr. Maris Sangiampongsa ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး H.E. Maxim RESHETNIKOV ဦးဆောင်သည့်အဖွဲ့ဝင်တို့က ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၂၂)ရက်နေ့နှင့် (၂၃)ရက်နေ့တို့တွင် နေပြည်တော်၌ လာရောက်တွေ့ဆုံခဲ့ကြသည်ဟု သိရသည်။

ထိုင်းဝန်ကြီးနှင့် တွေ့ဆုံမှုတွင် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ Online လိမ်လည်မှု၊ Online လောင်းကစားမှုများ လုပ်ဆောင်နေသူများနှင့် ပါဝင်ပတ်သက်နေသူများကို အိမ်နီးချင်း နိုင်ငံများအပါအဝင် နိုင်ငံတကာမှအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဖော်ထုတ်အရေးယူနေမှု၊ နှစ်နိုင်ငံနယ်စပ်ဒေသများ၌ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ တရားမဝင်ကုန်စည်စီးဆင်းမှုများနှင့် အကြမ်းဖက်မှုများ တိုက်ဖျက်ရေး၊ သတင်းအချက်အလက်များဖလှယ်ရေးတို့ကို ဆွေးနွေးကြသည်ဟု သိရသိရသည်။

ရုရှားဝန်ကြီးနှင့် တွေ့ဆုံမှုတွင် စီးပွားရေးဆိုင်ရာများတွင် နယ်ပယ်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ၌ အကျိုးတူပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေ၊ မြန်မာနိုင်ငံတွင် လိုအပ်နေသော လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ ဓာတ်မြေဩဇာထုတ်လုပ်ရေး၊ ရေနံနှင့် ဓာတုထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရေးတို့တွင် ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမည့် အခြေအနေများကို ဆွေးနွေးသည်ဟု သိရသည်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမူဆလင်များကို သတ်ဖြတ်မောင်းထုတ်မှုအတွက် လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်ဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးထင်ကျော်တို့အပါ (၂၅)ဦးကို အာဂျင်တီးနားနိုင်ငံ တရားရုံးက ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင်  ဖမ်းဝရမ်းထုတ်ရန် အမိန့်ချလိုက်ခြင်းဖြစ်သည်။

#TachileikNewsAgency