သိမ်ဇရပ်မြို့တွင် လမ်းမှားပြီး PDF ဂိတ်ကိုဝင်လာသည့် စစ်ကောင်စီတပ်မှ ဗိုလ်တစ်ဦးနှင့် အမျိုးသမီးကို ဖမ်းမိ

သိမ်ဇရပ်မြို့တွင် လမ်းမှားပြီး PDF ဂိတ်ကိုဝင်လာသည့် စစ်ကောင်စီတပ်မှ ဗိုလ်တစ်ဦးနှင့် အမျိုးသမီးကို ဖမ်းမိ
အောက်တိုဘာ 13, 2024 | 2021 Military Coup| အခြားဒေသများ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့တွင် လမ်းမှားပြီး PDF ဂိတ်ကိုဝင်လာသည့် စစ်ကောင်စီ အမှတ်(၃၁၀)တပ်ရင်းမှ ဗိုလ်တစ်ဦးနှင့် ၎င်း၏အမျိုးသမီးကို တော်လှန်ရေးတပ်က ဖမ်းဆီးရမိကြောင်း သိရသည်။

၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၂)ရက်နေ့ နံနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဂိတ်ကို လမ်းမှားရောက်လာသည့် ဗိုလ်ဟိန်းဇေယျာဦးနှင့် ၎င်း၏ အမျိုးသမီးကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

"PDF ဂိတ်ကို လမ်းမှားပြီးဝင်လာတယ်။ စစ်တပ်ဂိတ်ထင်ပြီးတော့ ကားရပ်ပြီးတော့ အမြောက်တပ်ကို လမ်းမေးတာ။ အမြောက်တပ်ကို ဘယ်လမ်းက သွားလဲမေးတော့ အမြောက်တပ် နောက်မှာကျန်ခဲ့တာ။ ပြန်အလည့်မှာ PDF ရဲဘော်တွေက တားစစ်တာ ဖမ်းဆီးပြီး KNU လက်အပ်လိုက်တယ်။"ဟု စစ်ရေးသတင်းအရင်းအမြစ်က Tachileik News Agency ကိုပြောသည်။ 

အဆိုပါ စစ်ကောင်စီတပ် ဗိုလ်နှင့်အတူ သေနတ်တစ်လက်၊ ယူနီဖောင်းတစ်စုံနှင့် အရာရှိစာရွက်စာတမ်းများကို သိမ်းဆည်းရရှိသည်ဟု သိရသည်။ 

"သူကတပ်ပြောင်းတာမဟုတ်ဘူး။ ဘယ်လို ခရီးသွားတာလဲ မသိဘူး။ မျက်စိလည် လမ်းမှားပြီး ရောက်လာတာ။ သိမ်ဇရပ်အထက်မှာ ရွာတွေအများ ကြီးရှိတော့ လမ်းမှားလာတာ။ သူတို့က ရောက်တာ မကြာသေးဘူးထင်တယ်။ နယ်မြေမကျွမ်းကျင်တာပေါ့။"ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ ဗိုလ်တစ်ဦး ဖမ်းဆီးခံရပြီးနောက် ၎င်းအမြောက်တပ်က လက်နက်ကြီးနှင့် သိမ်ဇရပ်မြို့တွင်းသို့ ပစ်ခတ်ရာ အရပ်သား(၃)ဦး ဒဏ်ရာရကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ရှိ (၃၁၀)အမြောက်တပ်ကို တော်လှန်ရေးတပ်များက မကြာခဏ တိုက်ခိုက်နေခြင်းဖြစ်ပြီး အဆိုပါတပ်ကလည်း လက်နက်ကြီးနှင့် ကျေးရွာများကို ပစ်ခတ်ခြင်းများရှိသည်။

#TachileikNewsAgency