ရန်ကုန်မြို့တွင်း တက္ကစီယာဉ်များအားလုံး တက္ကစီဘုတ်ပြောင်းလဲရမည်ဟု စစ်ကောင်စီထုတ်ပြန်

ရန်ကုန်မြို့တွင်း တက္ကစီယာဉ်များအားလုံး တက္ကစီဘုတ်ပြောင်းလဲရမည်ဟု စစ်ကောင်စီထုတ်ပြန်

ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် တက္ကစီယာဉ်များ တက္ကစီဘုတ်(Taxi Board) ပြောင်းလဲရမည်ဖြစ်ပြီး ရက်ပေါင်း(၉၀)အတွင်း မပြောင်းလဲသည့် တက္ကစီများကို အရေးယူမည်ဟု စစ်ကောင်စီ၏ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)က ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၄)ရက်နေ့တွင် ထုတ်ပြန်သည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် တက္ကစီယာဉ်များ၏ တက္ကစီဘုတ်များသည် အရွယ်အစားအမျိုးမျိုး၊ အရောင်းအမျိုးမျိုး၊ ထားရှိသည့် နေရာအမျိုးမျိုးဖြင့် ပြေးဆွဲနေသဖြင့် မြို့တော်အင်္ဂါရပ်နှင့် ညီစေရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့် ပြဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေနှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ဖြစ်စေရေးအတွက် "အမိုးတွင် ဆေးနီဖြင့် ရေးသားထားသော TAXI စာသားကို မြင်စေနိုင်သည့် အဖြူရောင် ဆိုင်းဘုတ်မီးအိမ် တပ်ဆင်ထားရမည်"ဟု ထုတ်ပြန်ထားသည်။

တက္ကစီဘုတ်အရွယ်အစားမှာ အောက်ခြေအလျား (၁၀)လက်မ၊ အပေါ်အလျား (၉)လက်မ၊ အောက်ခြေ အကျယ် (၅)လက်မ၊ အပေါ်အကျယ် (၂)လက်မနှင့် အမြင့် (၃)လက်မဖြစ်ပြီး ခေါင်မိုးပေါ်မှန်ထိပ်မှ တစ်ပေအကွာတွင် ညီညာစွာ တပ်ဆင်ရမည်ဟု ဆိုသည်။

အဆိုပါတက္ကစီဘုတ်တပ်ဆင်ရေးကို ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၀)ရက်နေ့မှ ဒီဇင်ဘာလ (၈)ရက်နေ့အထိ အသိပညာပေးကာလအဖြစ် သတ်မှတ်ပြီး ပညာပေးကာလ ရက်ပေါင်း(၉၀)ပြီးဆုံးပါက ဒီဇင်ဘာလ (၉)ရက်နေ့မှ စတင်ကာ အရေးယူမည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo :Yangon Region Public Transport Committee -YRTC