ကျေးရွာများကို လက်နက်ကြီးနှင့်ပစ်နေသည့် သိမ်ဇရပ်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်များဝင်ပစ်

ကျေးရွာများကို လက်နက်ကြီးနှင့်ပစ်နေသည့် သိမ်ဇရပ်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်များဝင်ပစ်

မွန်ပြည်နယ် သိမ်ဇရပ်မြို့ ရှိ ကျေးရွာများကို လက်နက်ကြီးနှင့် ပစ်ခတ်နေသည့် သိမ်ဇရပ်အမြောက်တပ် ကာကင်းစခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်ပစ်ခတ်ကြောင်း သိရသည်။

သိမ်ဇရပ်အမြောက်တပ်ရှေ့ရှိ ကာကင်းစခန်း(ကုက္ကိုလ်ပင်ဂိတ်)အား KNLA၊ ဝေါ(ပကဖ)၊ အင်းတကော် (ပကဖ)နှင့် သနပ်ပင်(ပကဖ)ပူးပေါင်းတပ်တို့က ယမန်နေ့ ၂၀၂၄ ခုနှစ် မေလ (၁၉)ရက်နေ့တွင် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"သိမ်ဇရပ်မြို့အထွက်က ပြည်သူတွေကို ဒုက္ခပေးနေတဲ့ စစ်ဆေးရေးဂိတ်ကို ဝင်ပစ်တာ။ အဲဒီဂိတ်ကနေ ရွာတွေကို လက်နက်ကြီးတွေနဲ့ နှစ်ရက်ခြား၊ သုံးရက်ခြား ပစ်တယ်။ ရွာသားတွေ ကြောက်လန့်ပြီး ပြေးရတာပေါ့။ ဝင်ပစ်တော့ မိနစ်(၄၀)လောက် အပြန်အလှန် ပစ်ခတ်မှုဖြစ်တယ်။"ဟု ဝေါ ပကဖမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

အဆိုပါ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်များက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား (၃)ဦးသေဆုံးနိုင်ပြီး ပစ်ခတ်မှုဖြစ်ပြီးနောက် လူနာတင်ယာဉ်များ ဝင်သွားသည်ဟု ဆိုသည်။

"အဲဒီစစ်ဆးရေးဂိတ်က ‌ရွာသားတွေကို စစ်ဆေးတယ်။ မသင်္ကာရင် ဖမ်းတယ်။ နောက်ပြီး တစ်အိမ်ထောင် ဆန်တစ်အိတ်ပဲ သယ်ခွင့်ပြုတာ၊ ကန့်သတ်တာတွေလုပ်တယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ဆေးရေးဂိတ်သည် ဘန်ကာများဖြင့် အခိုင်အမာတည် ဆောက်ထားသည့်အတွက် အပြန်အလှန် ပစ်ခတ်ကြရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဘန်ကာများအတွင်းမှ ပြန်လည်ပစ်ခတ်သဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ရှေ့မတိုးနိုင်ဘဲ ပြန်ဆုတ်ခွာခဲ့ရသည်ဟု သိရသည်။

၎င်းစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်များက ၂၀၂၂ ခုနှစ်ကလည်း ဝင်ရောက်ပစ်ခတ်ခဲ့သည်။

#TachileikNewsAgency