ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် မဲကထရွာနှင့်အနီးဝန်းကျင် ကျေးရွာအနီးတွင် သံလွင်မြစ်တစ်ဖက်ကမ်း မြန်မာဘက်ခြမ်းရှိ အာဏာသိမ်းစစ်တပ်၏ မဲ့သရီးထအခြေစိုက်စခန်းဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် (၃)လုံး ကျရောက်ပေါက်ကွဲသည်ဟု ၂၀၂၁ ခုနှစ် မေလ (၂၀) ရက်နေ့တွင် Salween Press သတင်းတွင် ဖေါ်ပြထားသည်ကို တွေ့ရသည်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲသံကြောင့် လယ်ယာလုပ်ငန်းခွင်ဝင်နေသည့် ဒေသခံအချို့ ထွက်ပြေးခဲ့ရသည်ဟု ဆိုသည်။
ပစ်ခတ်မှုဖြစ်ပွားသည့် အကြောင်းရင်းကို မသိရသေးဘဲ အဆိုပါ အခြေစိုက်စခန်း၏ တစ်ဖက်ကမ်းမှ ထိုင်းဒေသခံအချို့မှာ နေအိမ်တွင် ဆက်လက်နေထိုင်ရန် စိုးရိမ်ထိတ်လန့်နေကြကြောင်း ဒေသခံများကို ကိုးကား၍ သတင်းတွင် ဖေါ်ပြထားသည်။
မြန်မာ - ထိုင်းနယ်စပ် ကရင်ပြည်နယ်အတွင်း သံလွင်မြစ်ကြောင်းရှိ အာဏာသိမ်းစစ်တပ်၏ အခြေစိုက်စခန်းအချို့ကို KNLA က သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မဲ့သရီးထအခြေစိုက်စခန်းတွင် ယခင်ကထက် လှုပ်ရှားမှုပိုများလာသည့်အတွက် အင်အားဖြည့်တင်းနေသည်ဟု ခန့်မှန်းထားကြပြီး ရဟတ်ယာဉ်ကွင်းတစ်ခုကိုလည်း တွေ့ထားရကြောင်း သိရသည်။
Photos: Salween Press