အပြည်ပြည်ဆိုင်ရာတရားရုံး၌ မြန်မာနိုင်ငံအား တရားစွဲဆိုထားမှုကို ကြားနာသည့် ဒုတိယမြောက်နေ့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် မြန်မာဘက်က လူမျိုးတုန်းသတ်ဖြတ်မှု မရှိကြောင်း ပြန်လည်ချေပလျှောက်လဲချက် တင်သွင်းထားသည်။
အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် မြန်မာနိုင်ငံအား တရားစွဲဆိုထားမှုကို တရားလို ဂမ်ဘီယာနိုင်ငံဘက်က လျှောက်လဲချက် နှစ်ရက်တင်သွင်းမည်ဖြစ်ရာ ဒီဇင်ဘာလ (၁၀)ရက်နေ့က ဂမ်ဘီယာနိုင်ငံက လျှောက်လဲချက် တင်သွင်းခဲ့ပြီးဖြစ်သည်။
နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ မြန်မာအား တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ ကြားနာသည့် ဒုတိယမြောက်နေ့တွင် မြန်မာဘက်မှ ပြန်လည်လျှောက်လဲ ချေပချက်မတင်မီ မြန်မာနိုင်ငံကိုယ်စားပြုအဖွဲ့ကို ဦးဆောင်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က အဖွင့်ပြောကြားရာ၌ မြန်မာနိုင်ငံတွင်း လူမျိုးတုန်းသတ်ဖြတ်မှုလုပ်ဆောင်ခြင်းမရှိကြောင်းနှင့် လုပ်ဆောင်နေဆဲ ပြည်တွင်းလုပ်ငန်းစဉ်များ မပြီးပြတ်မီ အပြည်ပြည်ဆိုင်ရာ တရားရေးစနစ်ဖြင့် အဆောတလျင်ဆောင်ရွက်ခြင်း မပြုလုပ်သင့်ကြောင်း ထည့်သွင်း ပြောကြားသွားသည်။
“အပြည်ပြည်ဆိုင်ရာတရားရေးဟာ ပြည်တွင်းတရားရေးကတစ်ဆင့် တာဝန်ခံရေးအပေါ် မှီတည်နေတာ ဖြစ်ပါတယ်။ ပြည်တွင်းလုပ်ငန်းစဉ် မအောင်မြင်မှသာ အပြည်ပြည်ဆိုင်ရာ တရားရေးစနစ်နဲ့ ဆောင်ရွက်နိုင်ပါတယ်။ တာဝန်ခံမှုရှိစေရေးကိစ္စကို နိုင်ငံပြင်ပလုပ်ငန်းစဉ်အပေါ် အဆောတလျင် အားပြုလိုက်ရင် ပြည်တွင်းမှာလုပ်နေတဲ့ တရားရေးကဏ္ဍကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ ချမ်းသာတဲ့ နိုင်ငံတွေမှာပဲ ပြစ်မှုဆိုင်ရာတရားရေးကို ပြည်တွင်းလုပ်ငန်းစဉ်အဖြစ် ထိထိရောက်ရောက် လုပ်နိုင်တယ်လို့ ဆိုလိုချင်ရုံသဘောမျိုးမဟုတ်ပါဘူး”ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်စကားတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။
မြန်မာနိုင်ငံဘက်မှ ချေပလျှောက်လဲချက်တင်သွင်းသည့် ရှေ့နေများက ဂမ်ဘီယာနိုင်ငံက အချက်အလက်အဖြစ်ကိုင်စွဲ တင်သွင်းထားသည့် အစီရင်ခံစာများ၏ အားနည်းချက်များကို ထောက်ပြ၍ မြန်မာနိုင်ငံတွင်း လူမျိုးတုန်းသတ်ဖြတ်မှုမရှိကြောင်း ချေပလျှောက်လဲခဲ့ကြသည်ကို တွေ့ရသည်။
ဂမ်ဘီယာနိုင်ငံက ဒီဇင်ဘာလ (၁၀)ရက်နေ့က ပထမအကြိမ် နှုတ်ဖြင့် လျှောက်လဲချက်တင်ရာ၌ မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံးက ကြားဖြတ်စီမံဆောင်ရွက်ချက်ပြုလုပ်ရန် လျှောက်လဲခဲ့ကြခြင်းဖြစ်သည်။
ICJ တွင် ဒီဇင်ဘာလ (၁၀) ရက်နေ့က လျှောက်လဲချက်တင်သွင်းရာ၌ ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)က လူမျိုးတုံးသတ်ဖြတ်ရေး၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု ဂမ်ဘီယာက စွပ်စွဲတင်ပြသွားမှုနှင့်ပတ်သက်၍ UEHRD က တိကျပြတ်သားစွာငြင်းဆိုကြောင်း ဒီဇင်ဘာလ (၁၁)ရက်နေ့၌ ထုတ်ပြန်ထားသည်။
ICJ တွင် ဒီဇင်ဘာလ (၁၂)ရက်နေ့ နံနက် (၁၀)နာရီမှ နံနက် (၁၁)နာရီခွဲ (မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲမှ ညနေ ၅ နာရီ) အထိ ဂမ်ဘီယာနိုင်ငံက လျှောက်လဲချက်တင်သွင်းမည်ဖြစ်ပြီး ညနေ (၄)နာရီခွဲမှ ညနေ (၆)နာရီ (မြန်မာစံတော်ချိန် ည ၁၀ နာရီမှ ည ၁၁ နာရီခွဲ)တွင် မြန်မာနိုင်ငံက ပြန်လည်ချေပလျှောက်လဲချက် တင်သွင်းမည်ဖြစ်သည်။
ရခိုင်ပြည်နယ်တွင်း လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်များကို ဖြေရှင်းရန်ပျက်ကွက်မှုဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့က တရားစွဲဆိုထားခဲ့ခြင်းဖြစ်သည်။
Tachileik News Agency