ပခုက္ကူမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများအား ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်

ပခုက္ကူမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများအား ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း ပခုက္ကူမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများအား ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း COBRA ONE Pakokku အဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီ တပ်သား(၁၀၀)ခန့်ပါဝင်သည့် စစ်ကြောင်းတစ်ခုသည် ပခုက္ကူမြို့နယ် ခြောက်ကန်ကျေးရွာ အနောက်ဘက်တောထဲသို့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၂)ရက်နေ့ နံနက် (၅) နာရီခန့်မှ စတင်ပြီး စစ်ကြောင်းထိုးလာခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရန် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် အသင့်စောင့်ဆိုင်းခဲ့သော်လည်း စစ်ကောင်စီစစ်ကြောင်းသည် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များရှိနေသည့် နေရာသို့ တက်မလာခဲ့သည့်အတွက် နေရာပြောင်း‌ရွှေ့ကာ အင်ပင်ကျေးရွာနှင့် ကိုးပင်ရွာကြားရှိ ရေနံချက်စက်ရုံဘက်သို့ ရောက်ရှိချိန်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ  ရော့ကတ် (၃) လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်တိုက်ခိုက်မှုသည် စစ်ကောင်စီစစ်ကြောင်းနှင့် ယာ (၂) ခင်းအကွာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သားများသည် အထည်ချုပ်စက်ရုံအတွင်းသို့ ဝင်ရောက်သွားသည်ဟု သိရှိရကြောင်း COBRA ONE Pakokku အဖွဲ့က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအား COBRA ONE Pakokku နှင့် တခြားသော မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် စစ်ကောင်စီစစ်ကြောင်းများနှင့် မတွေ့ဆုံမိစေရန် အထူးဂရုပြုကြရန် COBRA ONE Pakokku အဖွဲ့က အသိပေး တိုက်တွန်းထားသည်။

#TachileikNewsAgency

Photo: COBRA ONE (ပုံဟောင်း)