ပဲခူးတိုင်း တောင်ငူမြို့ရှိ စစ်ကောင်စီတပ်၏ လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၀)ရက်နေ့ ညပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ထံမှ သိရသည်။
စီကောင်စီ၏ တောင်ငူမြို့ရှိ တောင်ငူလေတပ်စခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး (၃)လုံးကို Mission 24 အနေဖြင့် ပစ်ခတ်ရာ (၂)လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့သည်ဟု ဆိုသည်။
ပစ်ခတ်လိုက်သော ရှော့တိုက်ဒုံး (၂)လုံးထဲမှ တစ်လုံးမှာ မော်တော်ယာဥ်ဂိုဒေါင်ပေါ်သို့ကျပြီး နောက်တစ်လုံးမှာ လေယာဥ်သိုလှောင်ရုံကို ကျရောက်ပေါက်ကွဲကာ ရဟက်ယဥ်ဒလက်နှင့် မှန်ကွဲပြီး နောက်အမြှီးပိုင်းမှာလည်း သုံးမရအောင် ပျက်စီးသွားပြီး Y-12 တစ်စင်းမှားလည်း သုံးမရအောင် ပျက်စီးသွားကြောင်း Brave Warriors for Myanmar (BWM) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပစ်ခတ်ပြီးမှုကြောင့် လေတပ်အရာရှိ(၂)ဦးနှင့် အခြားအဆင့်စစ်သည် (၆)ဦး အပြင်းအထန် ဒဏ်ရာရရှိပြီး အခြားအဆင့်စစ်သည်(၄)ဦးသေဆုံးကာ အရေးပေါ်လူတင်ယာဥ် (၃)စီး လေတပ်အတွင်းသို့ ဝင်သွားပြီး လူနာများကို သယ်ယူသွားကြောင်း ထုတ်ပြန်ထားသော်လည်း Tachileik News Agency အနေဖြင့် ပျက်စီးမှုနှင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုကို သီးခြားအတည်မပြုနိုင်ပါ။
စစ်ကောင်စီ၏ အကြမ်းဖက်လေတပ်သည် နိုင်ငံတဝန်းတွင် လေကြောင်းစစ်ဆင်ရေးများကို အရှိန်ဟုန်မြှင့်၍ လုပ်ဆောင်နေပြီး အပြစ်မဲ့ပြည်သူများ အသက်ဆုံးရှုံးနေရကာ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ရှမ်းတောင်တို့ရှိ တော်လှန်ရေးအင်အားစုများကို တိုက်ခိုက်ရာတွင် အဓိကအားထားရသော လေတပ်စခန်းတစ်ခု ဖြစ်ခြင်းကြောင့် တောင်ငူလေတပ်စခန်းကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် NSA31 မြို့ပြပြောက်ကျား အဖွဲ့နှင့် စစ်တောင်းမြစ်ဝှမ်း ရေတာရှည် ပူးပေါင်းစစ်ဆင်ရေးအဖွဲ့တို့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
Video: Brave Warriors for Myanmar