မိတ္ထီလာမြို့မှ မန္တလေးဘက်သို့ စစ်ကူလာသည့် စစ်ကားနှစ်စီး လမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း မိတ္ထီလာမြို့မှ မန္တလေးဘက်သို့ စစ်ကူလာသည့် စစ်ကားနှစ်စီးအား ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း (၄) နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မိတ္ထီလာမြို့မှ မန္တလေးဘက်သို့ စစ်ကူလာသည့် အင်အား (၅၀)ခန့် ပါရှိနိုင်သည့် စစ်ကားနှစ်စီးအား ဇူလိုင်လ (၂၁) ရက်နေ့ နေ့လည် (၁) နာရီခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၁၅) ရက်နေ့မှ (၁၈)ရက်နေ့အထိ နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပါဝင်သည့် မဟာမိတ်တပ်ဖွဲ့များနှင့် တောင်သာမြို့နယ် ဇရက်ကြီးရွာသို့ အင်အား (၁၅၀)ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

လေးရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီးနောက် အဆိုပါ စစ်ကြောင်းသည် တောာင်သာမြို့သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂)နှင့်အတူ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိုးစစ်သည် မန္တလေးတိုင်းအတွင်းသို့ ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိလာပြီးနောက် စစ်ကောင်စီမှ စစ်ကူများ စေလွှတ်လျှက်ရှိပြီး အဆိုပါ စစ်ကူများအား လမ်းတွင် သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့များမှ ကြားဖြတ် ပြောက်ကျားတိုက်ခိုက်ခြင်းများ ပြုလုပ်လျှက်ရှိသည်။

#TachileikNewsAgency

Video: နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့