မဲဆောက်တွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက မြန်မာတစ်ဦးကို အကြောင်းမဲ့ ခြေဖြင့်ကန်ကျောက်

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ထိုင်းတာဝန်ရှိသူအဖွဲ့က ၂၀၂၄ ခုနှစ် ဇွန်လ (၁၀)ရက်နေ့ ထိုင်းစံတော်ချိန် ညနေ (၅)နာရီခွဲတွင် မြန်မာတစ်ဦး၏ အခန်းအားဝင်ရောက်စစ်ဆေးစဉ် ခြေဖြင့်ကန်ကျောက်သည့် မှတ်တမ်းဗီဒီယိုအား လူမှုကွန်ယက်တွင် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ထိုင်းတာဝန်ရှိသူများ ဝင်ရောက်စစ်ဆေးသည့်နေရာမှာ နွေဦးတမာန် တော်လှန်ရေးထောက်ပို့အဖွဲ့၏ ရုံးခန်းအဖြစ် အသုံးပြုသည့်နေရာဖြစ်ပြီး  ၎င်းတို့ဝင်ရောက်စစ်ဆေးမှုအား ဖုန်းဖြင့် မှတ်တမ်းရိုက်ကူးထားသည့် ဓါတ်ပုံနှင့် ဗီဒီယိုဖိုင်များကိုလည်း ဖျက်ခိုင်းခဲ့ကြောင်း သိရသည်။

"ထိုင်းလူကြီးမင်းများအနေနဲ့ မြန်မာပြည်သားရွှေ့ပြောင်းလုပ်သားတစ်ဦးကို အခုလို အနိုင်ကျင့်ကန်ကျောက်တာကိုတော့ ထိုင်းတာဝန်ရှိလူကြီးမင်းများ ခွင့်ပြုမိန့်ပေးထားပါသလားဆိုတာကို သိချင်ပါတယ်။ကျွန်တော်တို့ဟာ အိမ်နီးချင်းထိုင်းနိုင်ငံမှာ မှီတင်းနေထိုင်ပြီး စစ်ဘေးရှောင်ပြည်သူတွေကို ကူညီပေးနေတာပါ။မူးယစ်ရောင်းဝယ်မှုလည်း မရှိသလို လက်နက်ကိုင် ရမ်းကားယုတ်မာတာလည်းမရှိပါဘူး။"ဟု နွေဦးတမာန် တော်လှန်ရေးထောက်ပို့အဖွဲ့က ဗီဒီယိုမှတ်တမ်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

အဆိုပါစစ်ဆေးမှုအတွင်း ဖမ်းဆီးခံရသူမရှိသော်လည်း ထိုင်းတာဝန်ရှိသူများက အခန်းတွင်းချိတ်ဆွဲထားသည့် မြန်မာသမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ဓါတ်ပုံများကို ဖြုတ်သိမ်းသွားသည်ဟု သိရသည်။

မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁)ရက်နေ့တွင် နိုင်ငံ့အာဏာသိမ်းလိုက်ချိန်မှစ၍ နိုင်ငံတွင်း လုံခြုံရေးနှင့် စီးပွားရေးအခြေအနေ တစ်နေ့တစ်ခြား ယိုယွင်းလာမှုများကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံတွင် နည်းလမ်းမျိုးစုံဖြင့် ခိုလှုံနေကြရသည့် မြန်မာနိုင်ငံသားများမှာ လူ့အခွင့်အရေးချိုးဖေါက်ခံရမှုများကို မကြာခဏ ကြုံတွေ့နေကြရသည်ကို တွေ့ရသည်။

#TachileikNewsAgency

Video : နွေဦးတမာန် တော်လှန်ရေးထောက်ပို့