ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် နေမကောင်း၍ ခရိုင်ပြည်သူ့ဆေးရုံ၏ အရေးပေါ်ဌာနသို့ လာရောက်ပြသနေစဉ် ဈေးသည်အမျိုးသမီး သေဆုံးသွား၍ Covid-19 ပိုး ရှိ မရှိ သံသယဖြစ်ဖွယ် အခြေအနေရှိသည့် အတွက် PPE ဝတ်ဆင်၍ လူမှုကူညီရေးအသင်းက သင်္ဂြိုလ်ပေးလိုက်ကြောင်း သိရသည်။
ယနေ့ ဇူလိုင်လ (၇)ရက်နေ့ နေ့လည်ပိုင်းက အမှတ်(၈)ရပ်ကွက်၊ ထုံးဖိုရပ်နေ အသင်(၃၂)နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးသည် နေမကောင်းသည့်အခြေအနေဖြင့် ခရိုင်ပြည်သူ့ဆေးရုံသို့လာပြရာ အရေးပေါ်ဌာန OPD သို့ရောက်ရှိစဉ် သေဆုံးသွားသည့်အတွက် လူနာ၏ အခြေအနေအရ Covid-19 သံသယဖြင့် PPE ဝတ်စုံဝတ်ဆင်ကာ ကျောက်မဲ နာရေးကူညီမှုအသင်းနှင့် Five Star လူမှုကူညီရေး အသင်းတို့က ချက်ချင်း နာရေးပို့ဆောင်ပေးခဲ့ရသည်ဟု သိရသည်။
သေဆုံးသူသည် အမှတ်(၈)ရပ်ကွက်ရှိ နံနက်အစောဈေး/ အခွန်လွတ်ဈေးတွင် ရောင်းချနေသည့် ဈေးသည်တစ်ဦး ဖြစ်ပြီး နေအိမ်၌ နေမကောင်းဖြစ်ပြီးမှ ခရိုင်ပြည်သူ့ဆေးရုံသို့ရောက်ရှိလာစဉ် အရေးပေါ်ဌာနသို့အရောက် ရုတ်တရက် သေဆုံးသွားခြင်းဖြစ်ကာ သေဆုံးသူကို Swab မယူထားတော့ဘဲ ကျန်ရှိမိသားစုဝင်များကိုသာ ဇူလိုင်လ(၈)ရက်နေ့တွင် နှာခေါင်း၊ အာခေါင် တို့ဖတ်ယူကာ ဓါတ်ခွဲစစ်ဆေးသွားမည်ဟု သိရသည်။
ကျောက်မဲမြို့ပေါ်တွင် ဇူလိုင်လ ( ၆ )ရက်နေ့ ညပိုင်းထိ Covid-19 ပိုးတွေ့လူနာ (၅၀)ဦးရှိထားကာ၊ ကျောက်မဲမြို့နယ်ထဲက နောင်ပိန်ကျေးရွာမှ ပိုးတွေ့လူနာ ( ၄၇ )ဦး ရှိထားပြီဖြစ်ပြီး ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံတွင် Covid-19 သီးသန့် ကုသဆောင်များ တိုးချဲ့ထားရကာ ဆေးကုသနေစဉ် သေဆုံးသူ ( ၂ )ဦး ရှိထားပြီဖြစ်သည်။
ထို့ပြင် မြို့ပေါ်ရှိ လူနေရပ်ကွက်များအတွင်း Covid-19 ရောဂါ လက္ခဏာဟု သံသယရှိဖွယ် အခြေအနေဖြင့် သေဆုံးသွားသူများလဲရှိနေပြီဖြစ်ကာ များသောအားဖြင့် ရုတ်တရက် သေဆုံးခြင်း၊ အသက်ရှူကြပ်ပြီး လဲကျသေဆုံးခြင်းများဖြင့် သေဆုံးမှုများကို ပို့ဆောင်ရာ၌ လူမှုကူညီရေးအသင်းများက PPE ဝတ်ဆင်၍ လုပ်ဆောင်ပေးနေရပြီး အချို့ သေဆုံးသူများကို Covid-19 ပိုးရှိ မရှိ သေချာစစ်ဆေးပေးခြင်းလဲ မရှိသေးဟု သိရသည်။