ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်အတွင်း လူဦးရေ (၁၉,၂၀၀)ကျော်သာရှိတဲ့ တာလေမြို့မှာ Covid-19 ကူးစက်မှုတွေ မြှင့်တက်လျက်ရှိပြီး သေဆုံးသူလည်း (၁၃)ဦးအထိ ရှိနေပါတယ်။
နိုဝင်ဘာလ(၄)ရက်နေ့က ကျေးရွာအုပ်စု(၂)စုမှာ Covid-19 ကူးစက်ခံထားရသူ (၄၆)ဦးထပ်တိုးတွေ့ရှိသလို သေဆုံးသူအဖြစ် အမျိုးသမီး (၁)ဦး နဲ့ အမျိုးသား(၁)ဦး ထပ်တိုးတဲ့အတွက် သေဆုံးသူ စုစုပေါင်း (၁၃)ဦးအထိ ရှိနေတာပဲဖြစ်ပါတယ်။
တာလေမြို့မှာ Covid-19 ကူးစက်ခံထားရသူ တနေ့တည်း (၁၁၈)ဦးအထိ အများဆုံးတွေ့ရှိထားတာကတော့ လူဦးရေ (၈,၅၀၀)ကျော်ရှိတဲ့ နားယောင်းကျေးရွာအုပ်စုအတွင်းမှာပဲ ဖြစ်ပါတယ်။
တာလေမြို့ဟာ ၂၀၂၁ခုနှစ် အောက်တိုဘာလကုန်အထိ လူဦးရေ စုစုပေါင်း (၁၉,၂၀၀)ကျော်သာရှိတဲ့ မြို့ငယ်တစ်ခုဖြစ်ပြီး တာလေမြို့ရှိ ရပ်ကွက်(၄)ခု နဲ့ ကျေးရွာအုပ်စု (၃)ခုစလုံးမှာ Covid-19 ကူးစက်ခံထားရသူတွေ့ရှိနေရပါတယ်။
တာလေမြို့ရဲ့ Covid-19 တတိယလှိုင်းအတွင်း ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၄)ရက်နေ့အထိ Covid-19 ကူးစက်ခံထားရသူ စုစုပေါင်း (၆၇၈)ဦးအထိရှိနေပြီး နေအိမ်ပြန်ခွင့်ရရှိသူမှာလည်း (၄၅၀)ကျော်ရှိကာ လက်ရှိ စောင့်ကြည့်ကုသနေသူကတော့ (၂၂၈)ဦးအထိရှိပြီး သေဆုံးသူမှာ (၁၃)ဦးအထိ ရှိနေပါတယ်။
တကယ်တော့ တာလေမြို့ဟာ တာချီလိတ်မြို့လိုပဲ ဆေးရုံမှာ သွားစစ်သူထက် နေအိမ်တွေမှာ အပြင်ကနေ Test kit ဝယ်လာပြီး ကိုယ့်ဘာသာ စစ်ဆေးပြီးနေတဲ့လူတွေ နဲ့ ဆေးကြိတ်ကုနေသူတွေ အများအပြားရှိနေတဲ့အတွက် Covid-19 ကူးစက်မှုက တရားဝင်အရေအတွက်ထက် ပိုများနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တာလေမြို့ရဲ့ Covid-19 ကို ထိန်းချုပ်နိုင်ဖို့အတွက် များများစစ်ဆေးပေးနိုင်ဖို့ Covid-19 စစ်ဆေးလို့ရတဲ့ Test Kit ကို လှူဒါန်းပေးနိုင်မဲ့ အလှူရှင်တွေများများ လိုအပ်နေပြီး တာလေမြို့က လူမှုကူညီရေးအသင်းတွေနဲ့ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီကို လှူဒါန်းပေးနိုင်တယ်လို့ သိရပါတယ်။