တရုတ်နိုင်ငံတွင် တောရိုင်းတိရစ္ဆာန်အသားများ ရောင်းဝယ်ဖေါက်ကား၊ သယ်ဆောင်ခြင်းကို တားမြစ်ပိတ်ပင်
တရုတ်နိုင်ငံတွင် ဝူဟန်အဆုတ်ရောင်ရောဂါကို ထိန်းချုပ်နိုင်ခြင်း မရှိသေးဘဲ သေဆုံးသူနှင့် ကူးစက်ခံရသူများ တိုးလာနေသဖြင့် တောရိုင်းတိရစ္ဆာန်အသားများကို ရောင်းဝယ်ဖေါက်ကားခြင်း၊ စားသောက်ဆိုင်များတွင် ရောင်းချခြင်းများကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်နေ့က စ၍ တားမြစ်လိုက်ပြီဖြစ်သည်။
ဈေးများစောင့်ကြည့်ရေးအဖွဲ့၊ စိုက်ပျိုးရေးဝန်ကြီးဌာနနှင့် သစ်တောဌာနတို့က ပူးပေါင်းပြီး တားမြစ်ချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်ကာ ဈေးများ၊ စူပါမားကတ်များ၊ စားသောက်ဆိုင်များ၊ အွန်လိုင်းမှ ရောင်းချခြင်းများ အားလုံး တားမြစ်မှုတွင် အကျုံးဝင်မည်ဖြစ်သည်။
ယင်းအပြင် မွေးမြူရေးလုပ်ငန်းများကိုလည်း လူနေထိုင်ရာများနှင့် သီးသန့်ခွဲထားပြီး လုပ်ဆောင်ရန် ထုတ်ပြန်လိုက်ပြီဖြစ်သည်။
တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် ကော်ရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါမှာ လင်းနို့သို့မဟုတ် မြွေမှ ကူးစက်ခံရခြင်းဖြစ်သည်ဟု ယူဆထားကြသော်လည်း ရောဂါဖြစ်ပွားရခြင်းအကြောင်းရင်းကို ရှာဖွေဖေါ်ထုတ်နေကြဆဲဖြစ်သည်။
လင်းနို့စွပ်ပြုတ်အကြောင်း ရိုက်ကူးတင်ပြထားသည့် တရုတ်ခရီးသွားဘလော့ဂါအမျိုးသမီးကလည်း လင်းနို့များသည် ရောဂါလက်ခံအကောင်းများဖြစ်ကြောင်း မသိသဖြင့် လွန်ခဲ့သည့် သုံးနှစ်ခန့်က လင်းနို့စွတ်ပြုတ်ကောင်းကြောင်း ရိုက်ကူးတင်ပြခဲ့ခြင်းဖြစ်ပြီး လင်းနို့များမှ ရောဂါကူးစက်တတ်သည်ကို ယခုမှ သိရသဖြင့် တောင်းပန်ကြောင်း လူမှုကွန်ယက်တွင် ရေးသားလာသည်။
တရုတ်နိုင်ငံတွင် တောရိုင်းတိရစ္ဆာန်မျိုးစုံကို စားသောက်သည့်အလေ့အထရှိသဖြင့် တောရိုင်းတိရစ္ဆာန် အသားများမှတစ်ဆင့် ရောဂါကူးစက်ခံရခြင်းမဖြစ်စေရန် တားဆီးပိတ်ပင်လာခြင်းဖြစ်သည်။
မြန်မာနိုင်ငံရှိ ရွှေတြိဂံဒေသမှာ ကမ္ဘာတွင် တောရိုင်းတိရစ္ဆာန်ရောင်းဝယ်ဖေါက်ကားမှု အကြီးဆုံးဈေးကွက်အဖြစ် နာမည်ကျော်ကြားသည့် ဒေသဖြစ်သည်။
Ref; The Guardian
GRAPHICS - SCMP GRAPHICS