ထိုင်းဝန်ကြီးချုပ်ကို ငွေလိမ်သည့် ကျားဖြန့်ဂိုဏ်းသည် အိမ်နီးချင်းနိုင်ငံတွင် အခြေစိုက်ကြောင်း ထုတ်ပြန်

ထိုင်းဝန်ကြီးချုပ်ကို ငွေလိမ်သည့် ကျားဖြန့်ဂိုဏ်းသည် အိမ်နီးချင်းနိုင်ငံတွင် အခြေစိုက်ကြောင်း ထုတ်ပြန်
ဇန်နဝါရီ 16, 2025 | နိုင်ငံတကာသတင်း

ထိုင်းဝန်ကြီးချုပ်အား နိုင်ငံခေါင်းဆောင်တစ်ဦး၏ အသံတုဖြင့် ငွေလိမ်ရန်ကြိုးစားသည့် ကျားဖြန့်ဂိုဏ်းသည် အိမ်နီးချင်းနိုင်ငံတွင် အခြေစိုက်ကြောင်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၆)ရက်နေ့တွင် ထိုင်း The Nation က သတင်းဖော်ပြသည်။

တစ်ချိန်တည်းမှာပင် ဘန်ကောက်၌ ကျင်းပနေသည့် အာဆီယံနိုင်ငံများ၏ ဒစ်ဂျစ်တယ်ဝန်ကြီးများ (၅)ကြိမ်မြောက်အစည်းအဝေးတွင် အာဆီယံနိုင်ငံများအနေဖြင့် အွန်လိုင်းငွေလိမ်မှု(ကျားဖြန့်)၊ သတင်းတုနှင့် AI အလွဲအသုံးပြုမှုများအား တားဆီးရေး ပူးပေါင်းဆောင်ရွက်ကြရန် ထိုင်းဝန်ကြီးချုပ်က တောင်းဆိုလိုက်သည်။

ထိုင်းဆိုင်ဘာရဲတပ်ဖွဲ့က ၎င်းတို့တွေ့ရှိချက်ကို ထုတ်ပြန်ရာတွင် အိမ်နီးချင်းနိုင်ငံအမည်ကိုမူ ဖော်ပြခြင်းမရှိဘဲ ၎င်းတို့အနေဖြင့် အဆိုပါကျားဖြန့်များအား နှိမ်နှင်းရေး သက်ဆိုင်ရာနိုင်ငံ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု ဆိုသည်။

အိမ်နီးချင်းနိုင်ငံခေါင်းဆောင်တစ်ဦးအသံဖြင့် ဖုန်းဆက်သွယ်ကာ အလှူငွေတောင်းခံရန် ကြိုးစားမှုနှင့် ကြုံရကြောင်း ထိုင်းဝန်ကြီးချုပ် ပေတုန်တန်က ဇန်နဝါရီလ (၁၅)ရက်နေ့တွင် ထုတ်ဖော်ပြောကြားလာခြင်းဖြစ်သည်။

အလားတူ AI အသုံးပြုကာ အသံတုဖြင့် ငွေလိမ်မှုများကို ထိုင်းနိုင်ငံသားအများအပြား ကြုံတွေ့ကြရသည်ဟု ဆိုင်ဘာရဲချုပ်က ဆိုသည်။

ကျားဖြန့်များက အွန်လိုင်း၊ ဖုန်းလိုင်းများမှ နည်းမျိုးစုံ ငွေလိမ်နေသည့်အကြောင်းကို အများပြည်သူအား အသိပေးမှုများ လုပ်နေသည့်ကြားမှ အလိမ်ခံရမှု အများအပြားရှိနေဆဲဖြစ်ကြောင်း ရဲချုပ်က ဆိုသည်။

ကျားဖြန့်ဂိုဏ်းများအား နှိမ်နှင်းရေးအတွက် ထိုင်းနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency 

Source: The Nation