ထိုင်းနိုင်ငံတွင် တရားမဝင်ရောင်းချမှုဖြင့် မြန်မာစားသောက် ကုန်စုံဆိုင် စစ်ဆေး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံတွင် တရားမဝင်ရောင်းချမှုဖြင့် မြန်မာစားသောက် ကုန်စုံဆိုင် စစ်ဆေး ဖမ်းဆီးခံရ

မြန်မာရွှေ့ပြောင်း အများအပြားရှိသည့် ထိုင်းနိုင်ငံ ဖန်ငတွင် မြန်မာစားသောက်ကုန်များ တရားမဝင်ရောင်းချမှုဖြင့် ကုန်စုံဆိုင်တစ်ဆိုင်ကို စစ်ဆေးမှုအတွင်း ဈေးရောင်းသည့် မြန်မာအမျိုးသမီးပါ ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။

တရားမဝင် မြန်မာစားသောက်ကုန်များအား ရောင်းချနေကြောင်း သတင်းပေးတိုင်ကြားချက်များအရ ဖန်င ရဲတပ်ဖွဲ့က ကုန်စုံဆိုင်တစ်ဆိုင်အား ဝင်ရောက်ရှာဖွေစစ်ဆေးခြင်းဖြစ်သည်ဟု ထိုင်းသတင်းဌာနများက ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ (၁၉)ရက်နေ့တွင် သတင်းဖေါ်ပြသည်။

ယင်းသို့ စစ်ဆေးစဉ် ဆိုင်၌ ဈေးရောင်းနေသည့် အသက် (၅၄)နှစ်အရွယ် မြန်မာအမျိုးသမီးကိုတွေ့ရပြီး ၎င်းမှာ ခွင့်ပြုထားသည့် အလုပ်အကိုင်ကို ကျော်လွန်လုပ်ကိုင်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ကုန်စုံဆိုင်ပိုင်ရှင် ထိုင်းနိုင်ငံသား အသက် (၆၁)နှစ်အရွယ် အမျိုးသားကို အကောက်ခွန်မဆောင်ဘဲ တင်သွင်းလာသည့် ကုန်စည်များ ရောင်းချမှု၊ အလုပ်သမားအား (၁၅)ရက်အတွင်း မှတ်ပုံတင်ပေးရမည့် သတ်မှတ်ချက်အား မလိုက်နာမှု၊ နိုင်ငံခြားသားအလုပ်သမားအား ခွင့်ပြုမထားသည့် လုပ်ငန်းအား လုပ်ကိုင်စေမှုတို့ဖြင့် အရေးယူထားကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် နိုင်ငံသားမဟုတ်သည့် လုပ်သားများအား လုပ်ကိုင်ခွင့်ကန့်သတ်ထားသည့် လုပ်ငန်းများတွင် ဈေးရောင်းချခြင်း၊ ဆံသနှင့် အလှပြင်လုပ်ငန်းများ လုပ်ကိုင်ခြင်းတို့ ပါဝင်ပြီး ယခုလပိုင်းအတွင်း ဆံသနှင့် အလှပြင်လုပ်ငန်းများတွင် လုပ်ကိုင်မှုဖြင့် မြန်မာအပါအဝင် နိုင်ငံခြားသားအများအပြားကိုလည်း စစ်ဆေးဖမ်းဆီးနေသည်ကို တွေ့ရသည်။

 

Source: Khaosod

Photo: Khaosod English