ကုလသမဂ္ဂ အကူအညီပေးရေးအဖွဲ့များအား ငလျင် ဘေးဒဏ်သင့်ဒေသများသို့ အတားအဆီးမရှိ သွားရောက်ခွင့်ပေးရန် ၂၀၂၅ ခုနှစ် မတ်လ (၃၁)ရက်နေ့တွင် တောင်းဆိုလိုက်သည်။
‘ကျွန်တော်တို့တွေ မန္တလေးနဲ့ အနီးတဝိုက်ဒေသတွေမှာ သိသာထင်ရှားစွာရှိနေပြီး ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အခက်အခဲများ ရှိနေပေမဲ့လည်း အကူအညီလိုအပ်နေသူများထံ ရောက်ရှိဖို့ ကျွန်တော်တို့တွေ အကောင်းဆုံး ကြိုးစားလျက်ရှီပါသည်။ ဒါပေမဲ့လည်း ရှေ့လာမယ့် ရက်သတ္တပတ်တွေမှာ အများကြီး ပိုလိုအပ်လာမှာပါ။ မြန်မာပြည်သူတွေသည် နိုင်ငံတကာ အသိုင်းအဝန်းတစ်ခုလုံး၏ ခိုင်မာသော ထောက်ပံ့ကူညီမှုကို အခုလက်ငင်းကို လိုအပ်နေတာ ဖြစ်ပါတယ်”ဟု ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှုးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ) မစ္စတာ မာကိုလူဂျီ ကော်စီက ပြောသည်။
ကုလသမဂ္ဂအဖွဲ့များနှင့် လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများသည် အသက်ကယ် တုန့်ပြန်ဆောင်ရွက်မှုအတွက် ကနဦးရန်ပုံငွေ ဒေါ်လာ (၁၅)သန်း စုပေါင်းထည့်ဝင်ပြီး အရေးပေါ်သုံးပစ္စည်းများ စုစည်းထားကာ ဆေးဘက်ဆိုင်ရာ အဖွဲ့များ၊ ခိုလှုံစရာပစ္စည်းများ၊ အရေးပါသည့် တကိုယ်ရေသုံး ပစ္စည်းများနှင့် စားနပ်ရိက္ခာ အထောက်အပံ့တို့အတွက် ခွဲဝေသုံးစွဲနေကြောင်း သတင်းထုတ်ပြန်ထားသည်။
“ငလျင်မလှုပ်မီကတည်းက မြန်မာနိုင်ငံရှိ လူဦးရေ သန်း ၂၀ နီးပါးသည် လူသားချင်းစာနာထောက်ထားရေးအကူအညီများ လိုအပ်နေပြီးဖြစ်သည်။ ယခုနောက်ဆုံး ကြေကွဲဖွယ်ဖြစ်ရပ်သည် ယခင်ကတည်းက ဆိုးရွားနေသော အကျပ်အတည်းကို ပိုမိုဆိုးဝါးစေပြီး ပဋိပက္ခ၊ ရွှေ့ပြောင်းနေထိုင်မှုနှင့် ယခင်က ဘေးအန္တရာယ်များကြောင့် အကြိမ်ကြိမ်ဘေးသင့်ခဲ့ရသော လူမှုအဖွဲ့အစည်းများ၏ ကြံ့ကြံ့ခံနိုင်စွမ်းကို ပိုမိုကျဆင်းစေနိုင်သည်”ဟု မစ္စတာကော်စီက ပြောကြားထားသည်။
မြန်မာအတွက် တုန့်ပြန်ရေးလုပ်ငန်းများ ထပ်တိုးဆောင်ရွက်နိုင်ရေးအတွက် မရှိမဖြစ် လိုအပ်ချက်များအတွက် သုံးစွဲရန် ရန်ပုံငွေ ဆောလျင်စွာထောက်ပံ့ကြရေးအတွက် အလှူရှင်များအား ကုလက အရေးတကြီးတောင်းဆိုထားသည်ကို တွေ့ရသည်။
အကျပ်အတည်းများ ပိုမို မဆိုးရွားလာစေရန် အချိန်မီထောက်ပံ့ကူညီမှုသည် ယခင်ကထက်ပင် အရေးကြီးနေပါသည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
မတ်လ (၂၈)ရက်နေ့က စစ်ကိုင်းကို ဗဟိုပြုသည့် အင်အား ၇ ဒဿမ ၇ ပြင်းအးရှိသည့်ငလျင်နှင့် နောက်ဆက်တွဲငလျင်များအတွင်း မန္တလေး၊ စစ်ကိုင်းအပါအဝင် ဒေသအများအပြား ငလျင်ဘေးသင့်ခဲ့ကြရပြီး ဖြစ်ပွားနေဆဲ ပြည်တွင်းစစ်အခြေအနေကြောင့် ကူညီထောက်ပံ့မှုများ ရရှိရန် ခက်ခဲနေကြခြင်းဖြစ်သည်။