တရုတ်နှစ်သစ်ကူးကာလအတွင်း ထိုင်းနိုင်ငံကို တရုတ်ခရီးသွားဧည့်သည့် (၈) သိန်းနီးပါး လာရောက်မည်

တရုတ်နှစ်သစ်ကူးကာလအတွင်း ထိုင်းနိုင်ငံကို တရုတ်ခရီးသွားဧည့်သည့် (၈) သိန်းနီးပါး လာရောက်မည်
ဇန်နဝါရီ 27, 2025 | နိုင်ငံတကာသတင်း

 ထိုင်းနိုင်ငံကို တရုတ်နှစ်သစ်ကူးကာလအတွင်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၄) ရက်မှ ဖေဖေါ်ဝါရီလ (၂) ရက်အထိ တရုတ်ခရီးသွားဧည့်သည် (၇၇၀,၀၀၀) လာရောက်ကြမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ် တရုတ်နှစ်သစ်ကူးကာလကထက် (၂၂.၆) ရာခိုင်နှုန်း မြင့်တက်လာမည်ဟု ထိုင်းအစိုးရက မျှော်လင့်ထားသည်။ 

နိုင်ငံတဝန်း လေဆိပ်များတွင် ခရီးသွားအရေအတွက် မြင့်တက်လာမှုအတွက် ကြိုတင်ပြင်ဆင်ရန် သက်ဆိုင်ရာ ဌာနများကို ညွှန်ကြားထားကြောင်း လက်ထောက် အစိုးရပြောခွင့်ရ အမျိုးသမီး Sasikarn Watthanachan က ပြောသည်။

တရုတ်နှစ်သစ်ကူးကာလအတွင်း Airports of Thailand (AoT) လက်အောက်ရှိ သုဝဏ္ဏဘူမိ၊ ဒွန်မောင်း၊ ချင်းမိုင်၊ ချင်းရိုင်-မယ်ဖာလောင်နှင့် ဖူးခက် လေဆိပ်တို့တွင် ခရီးသွားအဝင်အထွက် သိသာစွာ မြင့်တက်လာမည်ဟု ခန့်မှန်းထားကြောင်း သူမက ဆိုသည်။

 ၂၀၂၅ ခုနှစ် တရုတ်နှစ်သစ်ကူးကာလအတွင်း လက်ရှိအချိန်အထိ ဘန်ကောက်မြို့ရှိ လေဆိပ်များတွင် ခရီးသည် (၃) သန်း ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။

သုဝဏ္ဏဘူမိလေဆိပ်တွင် ခရီးသည် (၁.၉၁) သန်းနှင့် ဒွန်မောင်းလေဆိပ်တွင် ခရီးသည် (၉၈၉,၅၈၄) ဦး ဝင်ရောက်ခဲ့ကြောင်းနှင့် ၂၀၂၄ ခုနှစ် တရုတ်နှစ်သစ်ကူးကာလနှင့် နှိုင်းယှဥ်ပါက (၆.၃) ရာခိုင်နှုန်းနှင့် (၁၅.၁) ရာခိုင်နှုန်း အသီးသီး မြင့်တက်လာကြောင်း သိရသည်။ 

တရုတ်နှစ်သစ်ကူးကာလအတွင်း သုဝဏ္ဏဘူမိလေဆိပ်တွင် လေယာဥ်ခရီးစဥ် (၁၁,၂၃၈) ခု ဆိုက်ရောက်လာနိုင်ပြီး ၂၀၂၄ ခုနှစ်ကထက် (၁၅.၄) ရာခိုင်နှုန်း မြင့်တက်လာနိုင်သည်။

ထို့အတူ ဒွန်မောင်းလေဆိပ်တွင်လည်း လေယာဥ်ခရီးစဥ် (၆,၄၅၂) ခု ဆိုက်ရောက်လာမည်ဟု ခန့်မှန်းထားပြီး (၁၄.၃) ရာခိုင်နှုန်း မြင့်တက်လာမည်ဟု ဆိုသည်။ 

လေဆိပ်များတွင် ခရီးသည်ဝင်ရောက်မှု မြင့်တက်လာမည်ဖြစ်ရာ လူဝင်မှုကြီးကြပ်ရေး စစ်ဆေးရေးဂိတ်၊ ခရီးဆောင်အိတ်ဖြန့်ဝေမှု၊ လေဆိပ်အဝင်လုပ်ငန်းစဥ် ဆောင်ရွက်မှုနှင့် ရှာဖွေရေးဂိတ်များတွင် မြေပြင် လေဆိပ်ဝန်ထမ်းများ ပိုမိုတာဝန်ချထားရန် AoT က ညွှန်ကြားထားကြောင်း သိရသည်။

 

Source: Bangkok Post