ထိုင်းနိုင်ငံတွင် ဆိုရှယ်မီဒီယာပေါ် လူသိများသည့် အမျိုးသား(၂)ဦးက မူးယစ်ဆေးဝါးများကို အွန်လိုင်းပေါ် ကြော်ငြာတင်ပြီး ဖြန့်ချိရောင်းချနေသည့်အတွက် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။
ထိုင်းနိုင်ငံအတွင်း လူသိများကာ Follower (၃)သန်းကျော်ရှိထားပြီး အသက်(၂၁)ဝန်းကျင်သာရှိသည့် ထိုင်းလူငယ် Suppanat Panyasin နှင့် Autsada Dujjanuthat တို့ကို ရဲတပ်ဖွဲ့က ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ (၂) ရက်နေ့တွင် ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းတို့သည် မူးယစ်ဆေးဝါးဝါးများကို TikTok နှင့် X(Twitter)များပေါ်တွင် ကြော်ငြာအနေနဲ့ တင်ပြီး ဝယ်သူများ ဆက်သွယ်လာပါက နောက်အခြားတစ်ဦးက ပို့ဆောင်ပေးကြောင်း သိရသည်။
၎င်းတို့၏ လုပ်ရပ်သည် လူသိများသွားသလို ရဲတပ်ဖွဲ့ကလည်း သတိထားမိလာပြီးနောက် စုံစမ်းရှာဖွေမှုအရ ဘန်ကောက်မြို့ နာဝါလန်ရပ်ကွက်၊ ရမ်အင်ထရာလမ်း(၄၀)ရှိ ဘိလပ်မြေစက်ရုံအနီးရှိ နေအိမ် တွင် ဖမ်းဆီးရမိခြင်း ဖြစ်ပြီး နေအိမ်အတွင်းမှ သက်သေခံပစ္စည်းများအနေဖြင့် လက်ကိုင်ဖုန်း (၂)လုံး နှင့် ဘဏ်အကောင့်များ အပါအဝင် မူးယစ်ဆေးဝါးများကိုလည်း တွေ့ရှိ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ၎င်းတို့(၂)ဦးသည် မူးယစ်ဆေးဝါးများကို ဝယ်ယူလိုသူများအနေဖြင့် ၎င်းတို့အား ဆက်သွယ်ပြီး မှာယူနိုင်ရန် စီစဉ်ပေးထားပြီး မှာယူလာသူများကိုလည်း မူးယစ်ဆေးဝါးဖြန့်သူ နောက်တစ်ဦးက အရောက်ပို့ဆောင်ပေးခြင်းဖြင့် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ထွက်ဆိုသည်ဟု သိရသည်။
မူးယစ်ဆေးဝါးများ ပြန်လည် ဖြန့်ဖြူးပေးသူကို ရှာဖွေသော်လည်း ဖမ်းဆီးရမိခြင်း မရှိသေးကြောင်းနှင့် အဆိုပါ မူးယစ်ဆေးဝါးများကို မည်သူ့ထံက ရယူသည်ကို ဆက်လက် စစ်ဆေးနေကြောင်း သိရသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆိုရှယ်မီဒီယာပေါ်တွင် မူးယစ်ဝါးကြော်ငြာပြီး ဖြန့်ချိရောင်းချနေသူ (၂) ဦးကို အများဆုံး ထောင်ဒဏ် နှစ်(၂၀)အထိ ချမှတ်နိုင်သည့် မူးယစ်ဆေးဝါးထိန်းချုပ်ရေး အက်ဥပဒေ ပုဒ်မ (၁၄၅) အပြင် ထောင်ဒဏ် (၁)နှစ်အထိ ချမှတ်နိုင်သည့် မူးယစ်ဆေးဝါး အက်ဥပဒေ ပုဒ်မ (၁၆၂) စသည့် ပုဒ်မ(၂)ခုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
အဆိုပါ လူငယ်(၂)ဦးသည် အွန်လိုင်းပေါ်တွင် Hip Hop ဂီတ အကြောင်း အပါအဝင် ဓာတ်ပုံရိုက်ခြင်းနှင့် ပတ်သက်သော အကြောင်းအရာ အများစုကို တင်သလို ဘန်ကောက်မြို့ရှိ နေရာစုံတွင် ရိုက်ကူးထားပြီး အမေရိကန်နိုင်ငံရှိ မြင်ကွင်းများနှင့်တူအောင် ပြင်ဆင်ထားသော ပိုစ့်များကြောင့် လူသိများကြောင်းလည်း သိရသည်။
လူငယ်(၂)ဦးသည် အွန်လိုင်းပေါ်တွင် အဓိကအားဖြင့် အိုက်စ်(ice)ဟု ခေါ်သည့် မက်သာအမ်ဖက်တမင်းများကို အဓိက ရောင်းချပြီး အခြားမူးယစ်ဆေးဝါးမျိုးစုံကလည်း ဖောက်သည်များ၏ မှာယူမှုများအရ ရောင်းချပေးကြောင်း သိရသည်။
Source: TheThaiger, CIB