တာချီလိတ်မြို့ရှိ ကား အရောင်းဆိုင်များတွင် လိုင်စင်မဲ့ကား အစီး (၅၀) သိမ်းဆည်းခံရပြီး (၉)ဦး ဖမ်းဆီးခံရ

တာချီလိတ်မြို့ရှိ ကား အရောင်းဆိုင်များတွင် လိုင်စင်မဲ့ကား အစီး (၅၀) သိမ်းဆည်းခံရပြီး (၉)ဦး ဖမ်းဆီးခံရ
ဖေဖော်ဝါရီ 6, 2025 | ရှမ်းရှေ့| မှုခင်းသတင်း

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် (၃)ရက်တိုင်တိုင် လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးမှုအတွင်း နေရာပေါင်း (၂၂)နေရာကနေ လိုင်စင်မဲ့ယာဉ် အစီး(၅၀)သိမ်းဆည်းခံရသလို (၉)ဦး ဖမ်းဆီးခံရကြောင်း သိရသည်။

တာချီလိတ်မြို့ရှိ ကားအရောင်းဆိုင်များတွင် လိုင်စင်မဲ့ကားများ ဖမ်းဆီးရန်အတွက် ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ရဲမှူးကြီး သန့်ဇင်က ညွှန်ကြားကာ ကျိုင်းတုံရဲတပ်ဖွဲ့နှင့်အတူ တာချီလိတ်တပ်နယ် အပါအဝင်၊ တာချီလိတ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး နေရာပေါင်း (၂၂)နေရာမှ လိုင်စင်မဲ့ စုစုပေါင်း အစီး (၅၀)ကို ဖမ်းဆီး သိမ်းဆည်းကြခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့မှ ဖေဖော်ဝါရီ(၅)ရက်နေ့အထိ တာချီလိတ်မြို့တွင် ပူးပေါင်းအဖွဲ့က နေရာပေါင်း (၂၂)နေရာကို ဝင်ရောက်ဖမ်းဆီးသော်လည်း “SKMM” ကားအရောင်း စင်တာ၊ “FORD TACHILEIK” ကား အရောင်းစင်တာ၊ “SYK” ကားရေဆေးနှင့် အလှဆင်ဆိုင်၊  “KKK”ကားရောင်းဝယ်ရေး၊ “ဟောင်” ကားအရောင်းစင်တာ၊ နှင့် “IC”ကားရေဆေးခုံ နှင့်ကားဝပ်ရှော့ စသည့် နေရာ(၅)နေရာတို့မှ မန်နေဂျာ နှင့် အရောင်းစာရေး၊ ကားပြင်သူ စုစုပေါင်း (၉)ဦး ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူ (၉)ဦးထဲက (၆)ဦးကို တာချီလိတ်မြို့မရဲစခန်းတွင် လည်းကောင်း ကျန်(၃)ဦးကို ဟောင်လိတ်နယ်မြေရဲစခန်းတွင် လည်းကောင်း ဖမ်းဆီးထားပြီး ပို့ကုန် သွင်းကုန် ဥပဒေ ပုဒ်မ-၈ နှင့် ပို့ကုန် သွင်းကုန် ဥပဒေ ပုဒ်မ-၁၀ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ဖမ်းဆီးခံရသူ (၉)ဦးတွင် “IC”ကားရေဆေးခုံ နှင့်ကားဝပ်ရှော့ မှ (၄)ဦး ဖမ်းဆီးခံရပြီး ကားပြင်ရန် လာပို့ထားသည့် ကားများပါ သိမ်းဆည်းခံရသလို ကားပြုပြင်ရေးလုပ်ကိုင်သူ အချို့ပါ ဖမ်းဆီးခံထားရကြောင်း သိရသည်။

"မဖမ်းခင်က စာရင်းတွေ ကောက်ထားတာရှိတယ် အဲ့ဒီစာရင်းတွေကို အခြေခံပြီးတော့ ဖမ်းတာပါ။ လိုင်စင်မဲ့ကားတွေကို နေရာပေါင်း (၂၀)မှာ ဖမ်းဖို့ ချပေးလာပေမဲ့ တကယ်ဆင်းဖမ်းတော့ နောက်ထပ်နေရာ (၂)နေရာ ထပ်တိုးသွားတယ်။ ကားတွေထဲမှာ ကားဝပ်ရှော့က အစုတ်တွေတောင်ပါသေးတယ်။ သတင်းကြိုရထားသူတွေကတော့ ကံကောင်းသွားကြတယ်လို့ ပြောရမလားဘဲ။ မဲခေါင်ရပ်ကွက်ထဲက တစ်ယောက်ဆို သတင်းကြိုရလို့ ရှောင်ထားတော့  အဲ့တော့လူတွေတော့ လွတ်သွားတယ်"ဟု သတင်းရင်းမြစ်တစ်ဦးက Tachileik News Agency သို့ ဖေဖော်ဝါရီ(၆)ရက်နေ့တွင် ပြောပြသည်။

ဖမ်းဆီးသိမ်းဆည်းထားသည့် ကားများကို ဟောင်လိတ်နယ်မြေရဲစခန်းတွင် သိမ်းဆည်းထားရှိကြောင်း သိရသည်။

"အစိုးရအဖွဲ့စည်းဆိုတာက စံနမူဖြစ်အောင်နေရမှာ မဟုတ်လား တာချီလိတ်မှာဆိုရင် စစ်တပ်က အရာရှိတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ နဲ့ ဝန်ထမ်းတွေ အားလုံးက လိုင်စင်မဲ့ကားတွေကိုပဲ စီးနေတာ။ သူတို့ကိုယ်တိုင် လိုင်စင်မဲ့ကား စီးနေပြီးမှ တခြားလိုင်စင်မဲ့ကားတွေကိုတော့ ဖမ်းတယ်ဆိုတာကတော့ မဖြစ်သင့်ဘူးလေ။"ဟု ဒေသခံ တစ်ဦးက ပြောသည်။