မြန်မာနိုင်ငံသို့ ဦးတည်နေသည့် မုန်တိုင်း၏ စက်တင်ဘာလ(၁၇)ရက်နေ့ အစောပိုင်းအထိ အခြေအနေ

မြန်မာနိုင်ငံသို့ ဦးတည်နေသည့် မုန်တိုင်း၏ စက်တင်ဘာလ(၁၇)ရက်နေ့ အစောပိုင်းအထိ အခြေအနေ

 ရှမ်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံသို့   ဦးတည်လာနေသည့် မုန်တိုင်း သည် ဖိလစ်ပိုင်နိုင်ငံကို ကျော်ပြီး တောင်တရုတ်ပင်လယ်ထဲကို ရောက်လာနေကြောင်းနှင့်  စက်တင်ဘာလ(၁၉)ရက်နေ့တွင် ဗီယက်နမ်ကမ်းခြေအနီးသို့ ရောက်မည်ဖြစ်ကြောင်း သိရသည်။

"နောက် (၂)ရက်အတွင်း အားဘယ်လောက်အထိ ကောင်းလာမယ်၊ အရွယ်အစားဘယ်လောက်အထိ ကြီးလာမယ်ဆိုတာတွေက ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနဲ့ မြန်မာနိုင်ငံတွေအတွက် ဘယ်လိုသဘာဝဘေးတွေကြောင့် ဆိုးကျိုးတွေ ဘယ်လောက်အထိ ဖြစ်စေနိုင်မလဲဆိုတာကို အဆုံးအဖြတ်ပေးနိုင်ပါ လိမ့်မယ်။"ဟု မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၇)ရက်နေ့ နံနက် (၂)နာရီ (၂၅)မိနစ်အချိန်တွင် အသိပေး ပြောကြားထားသည်။



အဆိုပါ မုန်တိုင်းလမ်းကြောင်းနှင့် ပတ်သက်၍ စက်တင်ဘာလ(၁၈)ရက်နေ့တွင် JTWC  နှင့် အပြည်ပြည်ဆိုင်ရာ မုန်တိုင်းစောင့်ကြည့်ရေးအဖွဲ့ကြီးတွေထံမှ အတည်ပြုချက်များ ရနိုင်မည်ဟု  သိရသည်။ 

"သေချာတာတခုကတော့ တောင်တရုတ်ပင်လယ်ဘက်ကို INVEST-98W ရောက်လာပြီးတဲ့နောက်၊ ဘာနာမည်ရနိုင်မယ် မသိသေးပေမဲ့ မြန်မာနိုင်ငံကို မရောက်ခင်မှာ ဗီယက်နမ်၊ လာအိုနဲ့ ထိုင်းနိုင်ငံတွေကို ကျော်ဖြတ်လာရမှာ ဖြစ်တာကြောင့် မုန်တိုင်းအကြွင်းအကျန်တွေ သယ်ဆောင်လာတဲ့ မိုးတွေက မြန်မာနိုင်ငံအတွက် ခွဲတမ်းဘယ်လောက်ကျန်နိုင်မလဲ ဘယ်ပြည်နယ် ဘယ်တိုင်းဒေသတွေကို မိုးများများပေးမလဲ။ ဘယ်နေ့လဲ ဘယ်အချိန်လဲ ဆိုတာတွေ သေချာအောင် စောင့်ကြည့်ရပါမယ်။"ဟု မိုးလေဝသပညာရှင် ဦးဝင်းနိုင် ပြောကြားထားသည်။

မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့ပိုင်း နှင့် တောင်ပိုင်း အပါအဝင် နိုင်ငံအတွင်း တိုင်းနှင့်ပြည်နယ်များတွင် ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့ စပြီး တစ်မှမကြုံဖူးသည့် အဆိုးရွားဆုံး ရေကြီးရေလျှံဖြစ်ပွားခဲ့ပြီးနောက် ဆက်လက်၍လည်း မုန်တိုင်း ဝင်ရောက်မည်ဟု ကြားသိရသည့်အတွက် စိုးရိမ်နေကြသည်။