မြန်မာကို လျှပ်စစ်ဓါတ်အား ဖြတ်တောက်မှုကြောင့် ထိုင်းလျှပ်စစ်လုပ်ငန်းအတွက် ဆုံးရှုံးမှု သိသိသာသာ  မရှိကြောင်း ထိုင်းပြည်ထဲရေး ဝန်ကြီးပြောဆို

မြန်မာကို လျှပ်စစ်ဓါတ်အား ဖြတ်တောက်မှုကြောင့် ထိုင်းလျှပ်စစ်လုပ်ငန်းအတွက် ဆုံးရှုံးမှု သိသိသာသာ  မရှိကြောင်း ထိုင်းပြည်ထဲရေး ဝန်ကြီးပြောဆို
ဖေဖော်ဝါရီ 5, 2025 | နိုင်ငံတကာသတင်း

 ထိုင်းလျှပ်စစ်ဓါတ်အားလုပ်ငန်းမှ မြန်မာနယ်စပ် (၅)နေရာကို လစဉ် ဘတ်သန်း (၅၀)နီးပါး ဓါတ်အားရောင်းချရမှုကနေ အမြတ်ငွေမှာ တစ်ရာခိုင်နှုန်း နီးပါးသာရရှိနေသည့်အတွက် ဆုံးရှုံးမှု သိသိသာသာ  မရှိကြောင်း ထိုင်းပြည်ထဲရေးဝန်ကြီးက ပြောကြားလိုက်သည်။

ထိုင်း - မြန်မာနယ်စပ် ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်၊ ကရင်ပြည်နယ် မြဝတီမြို့နယ်နှင့် မွန်ပြည်နယ် ဘုရားသုံးဆူဒေသများမှ နေရာ (၅)နေရာကို ထိုင်းလျှပ်စစ်ဓါတ်အားလုပ်ငန်းနှင့် ဒေသတွင်း ကုမ္ပဏီများကြား သဘောတူစာချုပ်ဖြင့် ဖြန့်ဖြူးပေးနေသည့် လျှပ်စစ်ဓါတ်အားအပြင် အင်တာနက်လိုင်းနှင့် ဓါတ်ဆီတင်ပို့မှုများကိုပါ ယနေ့ ဖေဖော်ဝါရီလ(၅)ရက်နေ့ နံနက် (၉)နာရီမှစ၍ ထိုင်းနိုင်ငံက ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။



ထိုင်းနိုင်ငံအနေဖြင့် မြန်မာနယ်စပ် (၅)နေရာသို့ မီးအားဖြတ်တောက်ခြင်းကြောင့် ထိုင်းလျှပ်စစ်ဓါတ်အားလုပ်ငန်းအနေဖြင့် ဆုံးရှုံးမှု သိသိသာသာ  မရှိကြောင်း ပြည်ထဲရေးဝန်ကြီး Anutin Charnvirakul က ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ (၅)ရက်နေ့ တွင် မြန်မာနယ်စပ်သို့ ဓါတ်အားဖြတ်တောက်ပြီးနောက် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း The Nation သတင်းဌာနက သတင်းဖေါ်ပြထားသည်။

ထိုင်းနိုင်ငံအနေဖြင့်  မြန်မာနိုင်ငံဘက်သို့ နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓါတ်အား ပေးပို့ခြင်းကို ဖြတ်တောက်လိုက်ခြင်းကြောင့် တစ်နှစ်လျှင် ဘတ်သန်းပေါင်း (၆၀၀)ဝန်းကျင် ဆုံးရှုံးဖွယ်ရှိသည်ဟု ပြည်ထဲရေးဝန်ကြီးက ပြောကြားသည်။

ထိုင်း - မြန်မာနယ်စပ်ရှိ ကျားဖြန့်ဂိုဏ်းများသို့ ထိုင်းနိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံသားများအား လူကုန်ကူးမှုဖြစ်စဉ်များ လူသိရှင်ကြားသတင်းများ ထွက်ပေါ်လာပြီးနောက် တရုတ်အစိုးရက ကျားဖြန့်ဂိုဏ်းများတွင် လူကုန်ကူးခံရသည့် တရုတ်နိုင်ငံသားများအား ကယ်တင်ရေးအတွက် ထိုင်းနိုင်ငံသို့ ဇန်နဝါရီလအတွင်း လာရောက်ခဲ့သည်ကို တွေ့ရသည်။

ယင်းအချိန်မှာပင် မြန်မာနိုင်ငံတွင်းမှ ကျားဖြန့်ဂိုဏ်းများသည် အိမ်နီးချင်းနိုင်ငံ၏ လျှပ်စစ်မီးနှင့် အင်တာနက်ကို အသုံးပြု၍လည်ပတ်နေခြင်းဖြစ်သည်ဟု မြန်မာစစ်ကောင်စီဘက်က စွပ်စွဲပြောဆိုမှု ထွက်လာခဲ့သည်ကိုလည်း တွေ့ရသည်။

ယင်းနောက် ကျားဖြန့်ဂိုဏ်းများဖြင့် နာမည်ထွက်နေသည့် မြန်မာ - ထိုင်းနယ်စပ်သို့ တရုတ်ပြည်တွင်းလုံခြုံရေး ဒုဝန်ကြီးက သွားရောက်ကြည့်ရှုခဲ့သည်ကိုလည်းတွေ့ရပြီးနောက် မြန်မာနယ်စပ်သို့ လျှပ်စစ်မီးဖြတ်တောက်ရေးကို ထိုင်းနိုင်ငံတော်လုံခြုံရေး အရေးပေါ်အစည်းအဝေးဖြင့် ဖေဖေါ်ဝါရီလ (၅)ရက်နေ့တွင် ဆုံးဖြတ်လိုက်ကြခြင်းဖြစ်သည်။

ဓါတ်အားဖြတ်တောက်မှုနှင့်ပတ်သက်၍ မြန်မာစစ်ကောင်စီတာဝန်ရှိသူများထံ အကြောင်းကြားချိန်တွင် မည်သို့မှ တုန့်ပြန်ခြင်းမရှိကြောင်း သိရသည်။

ယင်းသို့ လျှပ်စစ်မီးဖြတ်တောက်ခြင်းကြောင့် အိမ်နီးချင်းနိုင်ငံ၏ ဒေသတွင်းပြည်သူများကိုပါ သက်ရောက်မှု ရှိမည်ဖြစ်သော်လည်း  အခြားနိုင်ငံ၏ ပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်ရန် တာဝန် မရှိကြောင်း ထိုင်းတာဝန်ရှိသူများက ဆိုထားသည်။

ယင်းသို့ မြန်မာနယ်စပ်သို့ ဓါတ်အားဖြတ်တောက်ခြင်းများ လုပ်ဆောင်သည့်နေ့မှာပင် ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှနာဝပ်သည် တရုတ်နိုင်ငံတွင် သမ္မတ ရှီကျင်းဖျင်နှင့်တွေ့ဆုံရန် သွားရောက်နေသည်ကိုလည်း တွေ့ရသည်။

ကျားဖြန့်ခေါ် တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်းများသည် မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ပို၍ဝင်ရောက်အခြေပြုလုပ်ကိုင်လာကြခြင်းဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကျားဖြန့်ဂိုဏ်းများကို ၂၀၂၃ ခုနှစ်က နှိမ်နှင်းလိုက်ရာ မြန်မာနိုင်ငံ နယ်စပ်မြို့များသို့ အဆိုပါလုပ်ငန်းများ ထပ်မံရွှေ့ပြောင်းသွားကြခြင်းဖြစ်သည်။

ထိုင်းလျှပ်စစ်ဓါတ်အားလုပ်ငန်းအနေဖြင့် အိမ်နီးချင်းနိုင်ငံများသို့ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးခြင်းကို ပြန်လည်သုံးသပ်ရန်ကိုလည်း ပြည်ထဲရေးဝန်ကြီးက ညွှန်ကြားထားကြောင်း သိရသည်။

မြန်မာနည်းတူ ထိုင်းလျှပ်စစ်ဓါတ်အား ရယူသုံးစွဲနေသည့် ကမ္ဘောဒီးယားနယ်စပ်တွင်လည်း ကျားဖြန့်ဂိုဏ်းများ လုပ်ကိုင်နေမှုရှိမရှိကို စုံစမ်းမှုများလုပ်ရန် ပြည်ထဲရေးဝန်ကြီးက တာဝန်ရှိသူများအား တိုက်တွန်းထားကြောင်း သိရသည်။

Ref:The Nation