ဗီယက်နမ် စစ်တပ်နှင့်ရဲ ပါဝင်သည့်  ကယ်ဆယ်ရေးအဖွဲ့ဝင် (၁၀၆)ဦး မြန်မာငလျင်ဘေးကူရန် ရောက်ရှိ

ဗီယက်နမ် စစ်တပ်နှင့်ရဲ ပါဝင်သည့်  ကယ်ဆယ်ရေးအဖွဲ့ဝင် (၁၀၆)ဦး မြန်မာငလျင်ဘေးကူရန် ရောက်ရှိ

 ဗီယက်နမ် ရဲတပ်ဖွဲ့နှင့် စစ်တပ်ပါဝင်သည့် ငလျင်ဘေးကယ်ဆယ်ရေးအဖွဲ့သည် ကယ်ဆယ်ရေးခွေးများနှင့်အတူ ၂၀၂၅ ခုနှစ် မတ်လ (၃၀)ရက်နေ့တွင် ရန်ကုန်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်၊

ငလျင်ဘေးဒဏ်ကြောင့် အရေးပေါ် အခြေအနေဖြစ်နေသည့် မြန်မာနိုင်ငံကို ကူညီရေးအတွက် ဗီယက်နမ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနှင့် အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ကယ်ဆယ်ရေးအဖွဲ့ကို စေလွှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ကယ်ဆယ်ရေးအဖွဲ့ဝင် (၁၀၆)ဦး၊ ရှာဖွေကယ်ဆယ်ရေးခွေးများနှင့်အတူ ဆေးနှင့် ဆေးပစ္စည်းများ၊ ရိက္ခာများအပါအဝင် ကယ်ဆယ်ရေးလုပ်ငန်းသုံး ကုန်တန်ချိန် (၆၀)ကျော်တို့ကို Vietjet လေယာဉ်နှစ်စီးဖြင့်  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မတ် ၂၈ ရက်နေ့က စစ်ကိုင်းနှင့် မန္တလေးကို အခြေပြုလှုပ်ရှားခဲ့သည့် ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်သည် အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း အင်အားပြင်းထန်စွာသက်ရောက်ခဲ့ကာ ဗီယက်နမ်တို့တွင်လည်း အင်အားအသင့်အတင့် သက်ရောက်ခဲ့ခြင်းဖြစ်သည်။

ငလျင်အခြေပြုရာ မန္တလေးနှင့် စစ်ကိုင်းတွင် အပျက်အစီးအောက် ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ရေး ချက်ချင်းထိရောက်စွာ ရရှိခဲ့ကြခြင်းမရှိဘဲ အရေးပေါ်အခြေအနေကြေညာကာ နိုင်ငံတကာ အကူအညီတောင်းခံထားရခြင်းဖြစ်သည်။

ငလျင်ဘေး ကယ်ဆယ်ရေးအတွက် အရပ်ဖက် လူမှုကူညီရေးအသင်းအဖွဲ့များနှင့်  မီးသတ်တပ်ဖွဲ့တို့ အပါအဝင် အရပ်သားလူထုအချင်းချင်း ကူညီမှုများကို တတ်နိုင်သမျှ ဆောင်ရွက်နေကြသော်လည်း ကယ်ဆယ်ရေးနည်းပညာ၊ ပစ္စည်းကိရိယာလိုအပ်ချက်များစွာဖြင့် အခက်ကြုံနေကြရခြင်းဖြစ်သည်။