ထိုင်း နှင့် တရုတ် နှစ်နိုင်ငံက အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်)များအပါအဝင် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ နှိမ်နှင်းရေးကို ပိုမိုအားကောင်းစွာ ပူးပေါင်းဆောင်ရွက်ရေး ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ (၆)ရက်နေ့တွင် သဘောတူလိုက်ကြကြောင်း Bangkok Post သတင်းက ဖေါ်ပြသည်။
ဒေသတွင်းလူထုအား အကာအကွယ်ပေးနိုင်ရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအတွက် တရုတ်သမ္မတက တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း တရုတ်သတင်းဌာန ဆင်ဟွာက ဖေါ်ပြသည်။
ကျားဖြန့်များ၊ လောင်းကစားလိမ်လည်မှုနှင့် အခြားတရားမဝင်လှုပ်ရှားမှုများ အဆုံးသတ်စေရေးအတွက် ထိုင်းနိုင်ငံအနေဖြင့် တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံများဖြင့်ပါ လက်တွဲလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ထိုင်းဝန်ကြီးချုပ် ပေတုန်တန်၏ တရုတ်နိုင်ငံသို့ လေးရက်ကြာ ခရီးစဉ် ဒုတိယနေ့တွင် ပေကျင်း၌ အဆိုပါကိစ္စများကို ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် ကျားဖြန့်ဂိုဏ်းများအား နှိမ်နှင်းရေးအတွက် လျှပ်စစ်ဓါတ်အား ဖြတ်တောက်လိုက်သည့် ပြင်းထန်သည့် အရေးယူဆောင်ရွက်မှုအပေါ် ထိုင်းဝန်ကြီးချုပ်အနေဖြင့် တရုတ်သမ္မတ၏ ချီးကျူးစကား ရရှိခဲ့ကြောင်း သိရသည်။
“လူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရေးအတွက် လုံခြုံရေး၊ တရား၍ဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု ဆက်လက်ခိုင်မာစေရမည်”ဟု တရုတ်သမ္မတက ပြောကြားခဲ့သည်။
ယင်းတို့ တွေ့ဆုံဆွေးနွေးသည့် နေ့မှာပင် မြန်မာနိုင်ငံဘက်ရှိ ကျားဖြန့်များသို့ လူကုန်ကူးခံရသည့် တရုတ်နိုင်ငံသားများအပါအဝင် နိုင်ငံတကာမှ လူကုန်ကူးခံရသူ (၆၁)ဦးကို မြန်မာဘက်မှ ထိုင်းဘက်သို့ လွှဲပြောင်းပေးထားကြောင်းကိုပါ ထည့်သွင်းပြောကြားခဲ့ကြသည်ဟု သိရသည်။
ရာဇဝတ်ဂိုဏ်းများ အနေဖြင့် ဖြတ်သန်းသွားလာရာ ကြားခံနိုင်ငံအနေဖြင့် အသုံးပြုနေခြင်းကြောင့် အဆိုပါ ဂိုဏ်းများအား ကြားဖြတ် ဖမ်းဆီးခြင်းအတွက် ထိုင်းနိုင်ငံသည် အရေးကြီးသည့် နိုင်ငံဖြစ်သည်ဟု ထိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ယင်းအပြင် နိုင်ငံတွင်း လာရောက်လည်ပတ်သည့် ခရီးသွားများ လုံခြုံရေးအတွက်လည်း အာမခံကြောင်းကို ထိုင်းဝန်ကြီးချုပ်က ထပ်လောင်းပြောကြားခဲ့သည်ဟု သိရသည်။
တရုတ်ခရီးသွားအရေအတွက်မှာ ထိုင်းနိုင်ငံခရီးသွားလုပ်ငန်း၏ ထိပ်ဆုံးစာရင်းတွင်ရှိနေပြီး မြန်မာနိုင်ငံဘက်ရှိ တရုတ်ကျားဖြန့်ဂိုဏ်းများသို့ ထိုင်းနိုင်ငံမှတစ်ဆင့် လူကုန်ကူးခံရမှုသတင်းများကြောင့် လုံခြုံရေးစိုးရိမ်မှုများမရှိစေရန် ထိုင်းနိုင်ငံက ကြိုးစားနေသည်ကို တွေ့ရသည်။
ထိုင်းနိုင်ငံတွင် ရိုက်ကူးရေးအတွက်ဟုဆိုကာ ကမ်းလှမ်းပြီး မြဝတီဘက်ရှိ တရုတ်ကျားဖြန့်ဂိုဏ်းသို့ တရုတ်သရုပ်ဆောင်တစ်ဦး လူကုန်ကူးခံရမှုဖြစ်စဉ်အပြီးတွင် ထိုင်းဝန်ကြီးချုပ်က AI အကူအညီဖြင့် ထိုင်းနိုင်ငံသည် တရုတ်ခရီးသွားများအတွက် လုံခြုံကြောင်း သတင်းစကားပြောခဲ့သည်ကို တွေ့ရသည်။
ယင်းနောက် ထိုင်းဝန်ကြီးချုပ်က တရုတ်နိုင်ငံသို့ အလည်အပတ်ခရီးစဉ် သွားမည့်နေ့ဖြစ်သည့် ဖေဖေါ်ဝါရီလ (၅)ရက်နေ့တွင် မြန်မာနယ်စပ် (၅)နေရာကို လျှပ်စစ်မီး၊ အင်တာနက်နှင့် စက်သုံးဆီပေးပို့မှုများကို ဖြတ်တောက်ပစ်ခဲ့ခြင်းဖြစ်သည်။
Ref: Bangkok Post