မြန်မာ - ထိုင်းနယ်စပ်ဒေသတွင် မြဝတီဘက် ကျားဖြန့်လုပ်ငန်းများတွင် ဖြစ်ပေါ်နေသည့် လူကုန်ကူးမှုများနှင့် ဆက်စပ်ပြီး ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်း မဲဆောက်မြို့မရဲစခန်းအပါအဝင် စခန်းမှူး (၃)ဦး ရာထူးကနေ ဖယ်ရှားခံရကြောင်း သိရသည်။
ရာထူးကနေ ဖယ်ရှားခံရသည့် စခန်းမှူး (၃)ဦးမှာ မဲဆောက်မြို့မရဲစခန်းမှ စခန်းမှူး ရဲဗိုလ်မှူးကြီး ဖစ်တရာကွန် ဖစ်ချရတ်၊ ဖုတ်ဖရာ့ရဲစခန်းမှူး ရဲဗိုလ်မှူးကြီး ချက်ချိုင်ခိုင်ယိင့် နှင့် မဲ့ရ့းမား ရဲစခန်းမှူး ရဲဗိုလ်မှူးကြီး ထုံဖုံး ဖစ်ဖိရွန်း တို့ ဖြစ်သည်။
မြန်မာဘက် မြဝတီ ရွှေကုက္ကိုဘက် လူကုန်ကူးမှုနှင့် ပတ်သက်ပြီး ၎င်းတို့အား တာ့ခ်ခရိုင်အတွင်း နယ်စပ်တလျှောက်တွင် ကြိုတင် ကာကွယ် မတားဆီးနိုင်သည့်အတွက် ရာထူးကနေ ဖယ်ရှားလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ရာထူးကနေ ဖယ်ရှားခံရသည့် စခန်းမှူး (၃)ဦးအနေဖြင့် ရဲဌာနချုပ်သို့ ဇန်ဝါရီလ(၂၈)ရက်နေ့ကစပြီး သတင်းပို့ရမည်ဖြစ်ကြောင်းလည်း ညွှန်ကြားထားသည်။
လက်ရှိတွင် တာ့ခ်ခရိုင်ရဲတပ်ဖွဲ့၏ ဒုတိယရဲတပ်ဖွဲ့မှူးက ၎င်းတို့၏ တာဝန်များကို ယာယီယူထားမည်ဖြစ်ကြောင်း သိရသည်။
ယခုလို ရာထူးကနေ ဖယ်ရှားမှုသည် ရဲတပ်ဖွဲ့ နယ်မြေ (၆) ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် Kittisak Durongkwibun က လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် နယ်စပ်သို့ လာရောက်ခဲ့သည့် ခရီးစဉ်အပြီးတွင် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
လူကုန်ကူးမှုနှင့် ကျားဖြန့်ငွေလိမ်ဂိုဏ်းများက တာ့ခ်ခရိုင်အတွင်းရှိ နယ်စပ်ကို အသုံးပြုပြီး မြန်မာနိုင်ငံ မြဝတီမြို့သို့ ဖြတ်သန်းဝင်ရောက်နေသောကြောင့် ယခု အပြောင်းအရွှေ့များ ရှိလာခြင်း ဖြစ်သည်။
ထိုင်းရဲအရာရှိများက လူကုန်ကူးသူများထံမှ လာဘ်ငွေရယူခဲ့ကြောင်း သတင်းများလည်း ထွက်ပေါ်နေခဲ့သည်။
သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း၍ လေဆိပ်နှင့် နယ်စပ်ဂိတ်များတွင် စစ်ဆေးမှု ပြုလုပ်ခဲ့ပြီးနောက် အခြေအနေ တိုးတက်လာကြောင်းနှင့် မဲဆောက်သို့ နိုင်ငံခြားသား ဝင်ရောက်မှု လျော့နည်းလာသည်ဟု ရဲတပ်ဖွဲ့ နယ်မြေ (၆) ရဲတပ်ဖွဲ့မှူးက ဆိုသည်။
လုကုန်ကူးမှုနှင့် လိမ်လည်မှုများကို ကာကွယ်တားဆီးရန် နိုင်ငံခြားသားများကို စစ်ဆေးခြင်းနှင့် ဟိုတယ်များကို စစ်ဆေးခြင်း အပါအဝင် တင်းကျပ်သော အစီအမံများ ဆက်လက် ဆောက်ရွက်သွားမည်ဟု တာ့ခ်ခရိုင် ရဲမှူးကြီး Samrit Ekamol က ပြောခဲ့သည်။
မြန်မာနိုင်ငံ မြဝတီဘက် ရွှေကုက္ကိုတွင် စစ်ကောင်စီ၏ လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)က ထိန်းချုပ်ထားခြင်းဖြစ်ပြီး ရွှေကုက္ကိုအတွင်း အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)လုပ်ငန်းများနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများ နှင့် ပတ်သက်၍ စစ်ကောင်စီက တစ်စုံတစ်ရာအရေးယူ ဆောင်ရွက်ခြင်း မရှိသော်လည်း အိမ်နီးချင်း ထိုင်းနိုင်ငံက ရွှေကုက္ကိုနှင့်နီးစပ်သည့် တာ့ခ်ခရိုင်အတွင်း အရာရှိများကို အရေးယူခြင်းနှင့် နယ်စပ်တလျှောက် လုံခြုံရေးနှင့် စစ်ဆေးရေးဂိတ်များ တိုးမြှင့်ကာ လူကုန်ကူးမှုများပပျောက်ရေး လုပ်ဆောင်နေလျှက်ရှိကြောင်း သိရသည်။