ထိုင်းနိုင်ငံနှင့် အာဆီယံအဖွဲ့ အနေဖြင့် အရှေ့တောင်အာရှဒေသတွင်း အထူးသဖြင့် မြန်မာနိုင်ငံရှိ တရုတ်ရာဇဝတ်ဂိုဏ်းများကို နှိမ်နင်းရာတွင် တရုတ်နိုင်ငံ၏ အကူအညီကို လိုအပ်ကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာက မှတ်ချက်ပြု ပြောကြားလိုက်သည်။
မြန်မာ အာဏာသိမ်း စစ်အုပ်စုနှင့် တိုက်ရိုက် ဆွေးနွေးမှုများ အကန့်အသတ် ရှိနေသော်လည်း မြန်မာနိုင်ငံတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေစဥ် တရုတ်၏ ကူညီမှုက အရေးပါနေပြီး တရုတ်က မြန်မာစစ်အုပ်စုအပေါ် ဩဇာလွှမ်းမိုးမှုရှိကြောင်း သက်ဆင်က ထောက်ပြ ပြောဆိုထားသည်။
တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Liu Zhongyi က ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၉) ရက်နေ့တွင် ထိုင်း-မြန်မာ နယ်စပ်ရှိ မဲဆောက်မြို့သို့ လာရောက်ခဲ့ပြီးနောက် ယခုလို သက်ဆင်၏ မှတ်ချက်ပြုမှု ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။
ဒုတိယဝန်ကြီး Liu Zhongyi က ထိုင်းအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပြီး မြန်မာနိုင်ငံဘက် မြဝတီမြို့တွင် အခြေစိုက် လှုပ်ရှားနေသည့် တရုတ်ရာဇဝတ်ဂိုဏ်းခေါင်းဆောင် (၃၀) ဦးနှင့် ပတ်သက်သော သတင်းအချက်အလက်များကို မျှဝေခဲ့ကြောင်း သိရသည်။
ထိုင်းအစိုးရက နယ်စပ်ခရိုင် (၅၁) ခုတွင် လူကုန်ကူးမှု တိုက်ဖျက်ရန် "Seal Stop Safe" စစ်ဆင်ရေးကို စတင်ဆောင်ရွက်နေကြောင်း သက်ဆင်က ဆိုသည်။
Source: Thai Enquirer