ထိုင်းနိုင်ငံတွင် လူမှုကွန်ယက်နှင့် ပစ္စည်းပို့ဝန်ဆောင်မှုများ အသုံးပြု၍ မူးယစ်ဆေးဖြန့်မှုများပြားလာ

ထိုင်းနိုင်ငံတွင် လူမှုကွန်ယက်နှင့် ပစ္စည်းပို့ဝန်ဆောင်မှုများ အသုံးပြု၍ မူးယစ်ဆေးဖြန့်မှုများပြားလာ
ဒီဇင်ဘာ 21, 2019
By Tachileik News Agency
ထိုင်းနိုင်ငံတွင် လူမှုကွန်ယက်နှင့် ပစ္စည်းပို့ဝန်ဆောင်မှုများ အသုံးပြု၍ မူးယစ်ဆေးဖြန့်မှုများပြားလာ

ထိုင်းနိုင်ငံတွင် တွစ်တာ(twitter.com)ကဲ့သို့ လူမှုကွန်ယက်နှင့် ပစ္စည်းပို့စနစ်ကို အသုံးပြု၍ မူးယစ်ဆေးရောင်းဝယ်မှုများကို ရဲတပ်ဖွဲ့က ဖေါ်ထုတ်ဖမ်းဆီးရမိလာသည်ဟု သိရသည်။

တွစ်တာမှ မူးယစ်ဆေးအရောင်းအဝယ် ကြော်ငြာများမှ တစ်ဆင့် မူးယစ်ဆေးရောင်းသူများနှင့် ချိတ်ဆက်ရန် မူးယစ်အထူးတပ်ဖွဲ့က ဆောင်ရွက်နိုင်ခဲ့ပြီးနောက် သုံးစွဲသူများထံ ပါဆယ်ပို့မည့် အိုက်စ် (၁၃၀) ဂရမ်နှင့်အတူ မူးယစ်ဆေးရောင်းသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိထားသည်ဟု ရဲတပ်ဖွဲ့က ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့က ထုတ်ဖေါ်ပြောကြားသည်။

ဖမ်းဆီးရမိထားသူ၏ နေအိမ်ခန်းအတွင်းမှလည်း ပါဆယ်ပို့ရန် ထုပ်ပိုးထားသည့် အထုပ် (၁၁) ထုပ်အတွင်းမှ အိုက်စ် (၁၉၁.၆) ဂရမ်ကိုပါ သိမ်းဆည်းရမိထားခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် မူးယစ်ဆေးရောင်းသူများက လူမှုကွန်ယက်မှတစ်ဆင့် သုံးစွဲသူများထံ လက်လီရောင်းသည့်ပုံစံကို အသုံးပြုမှု များပြားလာသည်ဟု မူးယစ်အထူးတပ်ဖွဲ့က ဆိုသည်။

လူမှုကွန်ယက်နှင့် ပစ္စည်းပို့စနစ်ကို အသုံးလာခြင်းကြောင့် မူးယစ်ဆေးပျံ့နှံ့မှုမှာ အလျင်အမြန်ကျယ်ပြန့်လာနေရာ မိဘများ၊ အုပ်ထိန်းသူများအနေဖြင့် ကလေးငယ်များ၏ လူမှုကွန်ယက်အသုံးပြုမှုကို သတိထားကြရန်လည်း ရဲတပ်ဖွဲ့က သတိပေးလိုက်သည်။

သံသယဖြစ်ဖွယ် လူမှုကွန်ယက်စာမျက်နှာများမှ အခြေအနေများကို မူးယစ်အထူးတပ်ဖွဲ့၊ ထိုင်းဘုရင့်တော်ဝင် ရဲတပ်ဖွဲ့နှင့် ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီးဌာနတို့က စောင့်ကြည့်မှုများပြုလုပ်နေပြီး ပစ္စည်းပို့ ဝန်ဆောင်မှု လုပ်ငန်းများအနေဖြင့် CCTV များ တပ်ဆင်ကြရမည်ဟု ဝန်ကြီးချုပ်ရုံးက ညွှန်ကြားထားကြောင်း သိရသည်။

ယင်းအပြင် မူးယစ်မှောင်ခိုများ၏ သံသယဖြစ်ဖွယ် ပစ္စည်းများကို ခွဲခြားနိုင်စေရန် ပစ္စည်းပို့လုပ်ငန်းများမှ ဝန်ထမ်းများကို သင်တန်းများပေးခြင်းများလည်း လုပ်ဆောင်ထားကာ သံသယဖြစ်ဖွယ်များတွေ့ရှိပါက မူးယစ်အထူးတပ်ဖွဲ့ထံ အချိန်မရွေးသတင်းပေးပို့နိုင်မည့် hotline များကိုလည်း ကြေညာပေးထားသည်ဟု သိရသည်။

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~