မြန်မာ ငလျင်ဘေးအတွက် ဂျပန်က အမေရိကန်ဒေါ်လာ (၆)သန်း ထောက်ပံ့၊ UK အစိုးရကလည်း စတာလင်ပေါင် (၅)သန်း ထပ်မံလှူဒါန်း

မြန်မာ ငလျင်ဘေးအတွက် ဂျပန်က အမေရိကန်ဒေါ်လာ (၆)သန်း ထောက်ပံ့၊ UK အစိုးရကလည်း စတာလင်ပေါင် (၅)သန်း ထပ်မံလှူဒါန်း

 မြန်မာငလျင်ဘေးသင့် ပြည်သူများအတွက် ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ (၆)သန်း ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး UK အစိုးရကလည်း နောက်ထပ် စတာလင်ပေါင် (၅)သန်း ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ၂၀၂၅ခုနှစ် ဧပြီလ(၃)ရက်နေ့က အသီးသီး သတင်းထုတ်ပြန်လာကြသည်။

 ဂျပန်နိုင်ငံအနေဖြင့် အရေးပေါ်ကူညီထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ (၆) သန်းကို နိုင်ငံတကာအဖွဲ့အစည်းများမှတစ်ဆင့် ထောက်ပံ့ပေးအပ်သွားရန် အသင့်ပြင်ဆင်ထားကြောင်း ဂျပန်သံရုံးထံမှ သိရသည်။ 

ငလျင်ကြောင့် ဆုံးရှုံးနစ်နာခဲ့ရသည့် ငလျင်ဒဏ်သင့်ပြည်သူများအတွက် အရေးပေါ်ကူညီကယ်ဆယ်ရေးဆိုင်ရာပစ္စည်းများကို ဂျပန်အပြည်ပြည်ဆိုင်ရာပူး ပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)မှတစ်ဆင့် ထောက်ပံ့ပေးအပ်ရန် ဂျပန်နိုင်ငံအစိုးရက ဆုံးဖြတ်ထားပြီး သဘာဝဘေးအန္တရာယ် ဆိုင်ရာအရေးပေါ်ကယ်ဆယ်ရေးဆေးဘက်ဆိုင်ရာနည်းပညာအဖွဲ့  (JDR)ကိုလည်း စေလွှတ်ထားသည်ဟု သိရသည်။ 

ဂျပန်နိုင်ငံအစိုးရသည် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများကို အမှန်တကယ် လိုအပ်နေသော မြန်မာပြည်သူပြည်သားများထံသို့ တိုက်ရိုက်ရရှိစေမည့် နည်းလမ်းများဖြင့် ဆက်လက်ကူညီမည်ဟု သိရသည်။ 

အလားတူ UK အစိုးရကလည်း ၎င်းတို့ ထောက်ပံ့ကူညီငွေများကို စစ်ကောင်စီထံ တိုက်ရိုက် စီးဆင်းခြင်း လုံးဝမရှိဟုလည်း အသိပေးထားသည်။

"မငြိမ်မသက်မှုများကြား ကြံ့ကြံ့ခံနေထိုင်နေရတဲ့ မြန်မာပြည်သူများအတွက် အခုအကျပ်အတည်းက ဆင်းရဲဒုက္ခများထပ်တိုးစေကာ အရေးပေါ်အကူအညီများ ပိုမို လိုအပ်စေပါတယ်။ အစားအစာ၊ ရေနဲ့ နေထိုင်စရာ အမိုးအကာများအစရှိတဲ့ အရေးပေါ် ပစ္စည်းများ အပါအဝင် ယူကေအစိုးရရဲ့ အကူအညီများဟာ ငလျင်ဒဏ်အပြင်းအထန်ဆုံးခံရတဲ့ဒေသများသို့ ရောက်ရှိနေပြီဖြစ်ပါတယ်” ဟု ယူကေဖွံ့ဖြိုးရေးဆိုင်ရာဝန် ကြီး Baroness Chapman ကပြောသည်။ 

ယူကေအစိုးရက မြန်မာ့ငလျင်ဘေးအတွက် ဘေးအန္တရာယ်များဆိုင်ရာ အရေးပေါ်ကော်မတီ၏ ရန်ပုံငွေကောက်ခံခြင်း အစီအစဥ်တွင်   စတာလင်ပေါင်(၁၀)သန်းကို  ကနဦး ပံ့ပိုးပေးခဲ့ပြီး ယခုထပ်တိုး ရန်ပုံငွေအပါအဝင်  စတာလင်ပေါင်(၁၅)သန်း ကူညီထောက်ပံ့ထားပြီဖြစ်သည်ဟု သိရသည်။

မြန်မာလျင်ဘေးသင့်ပြည်သူများအတွက် ကူညီရေး နိုင်ငံပေါင်း (၁၅)နိုင်ငံကျော်က ရောက်ရှိကူညီနေသလို အချို့နိုင်ငံနှင့်အဖွဲ့အစည်းများမှာ ငွေကြေး ထောက်ပံ့မှုများရှိပြီး ယင်းသို့ ထောက်ပံ့မှုများကိုလည်း စစ်ကောင်စီထံ တိုက်ရိုက်မသွားဘဲ နိုင်ငံတကာအဖွဲ့အစည်းများကနေ တဆင့် ထောက်ပံ့ခြင်းဖြစ်ကြောင်း သိရသည်။