အမေရိကန် စစ်တပ်တွင် လိင်ပြောင်းလဲ ထားသူများ စစ်မှုထမ်းခွင့် ပယ်ဖျက်ရန်  ဒေါ်နယ်ထရမ် လုပ်ဆောင်မည်

 အမေရိကန် စစ်တပ်တွင် လိင်ပြောင်းလဲ ထားသူများ စစ်မှုထမ်းခွင့် ပယ်ဖျက်ရန်  ဒေါ်နယ်ထရမ် လုပ်ဆောင်မည်
ဇန်နဝါရီ 28, 2025 | နိုင်ငံတကာသတင်း
By Mr John

 အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စစ်တပ်အတွင်း လိပ်ပြောင်းလဲထားသူများ စစ်မှုထမ်းခွင့်ရရှိနေသည့် အရေးကိစ္စ အပါအဝင်း စစ်တပ်အတွင်း  ပြုပြင်ပြောင်းလဲရန် သမ္မတအမိန့်ညွှန်ကြားချက်များ လက်မှတ်ရေးထိုးသွားမည် ဖြစ်သည်။ 

ထရမ့်က အမေရိကန်စစ်တပ်တွင် လိင်ပြောင်းသူများ တာဝန်ထမ်းဆောင်မှု တားမြစ်ပိတ်ပင်ရန်၊ COVID-19 ကာကွယ်ဆေးမထိုးသောကြောင့် ထုတ်ပယ်ခံခဲ့ရသည့် ထောင်နှင့်ချီသော တပ်ဖွဲ့ဝင်များကို ရာထူးပြန်ခန့်အပ်ရန်နှင့် အမေရိကန်အတွက် လေကြောင်းရန်ကာကွယ်ရေးစနစ် တည်ဆောက်ရန် စသည့် သမ္မတအမိန့်ညွှန်ကြားချက်များကို လက်မှတ်ရေးထိုးသွားမည်ဟု ကာကွယ်ရေးဝန်ကြီး Pete Hegseth က ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၇) ရက်နေ့တွင် ပြောသည်။

အမေရိကန်စစ်တပ်ကို အဓိက အပြောင်းအလဲများ လုပ်ဆောင်မည်ဖြစ်ပြီး လိင်ပြောင်းသူများကို တာဝန်ထမ်းဆောင်ခွင့်ပြုထားခြင်းအား အဆုံးသတ်သွားရန်မှာ ထိပ်တန်းဦးစားပေးဖြစ်ကြောင်း Hegseth က ဆိုသည်။ 

"သမ္မတအမိန့်ညွှန်ကြားချက်တွေ ထပ်လာအုံးမယ်" ဟုလည်း အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပြောသည်။ 

ထရမ့်က အမေရိကန်စစ်တပ်နှင့် ပတ်သက်သော သမ္မတအမိန့်ညွှန်ကြားချက်များကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၇) ရက်နေ့တွင် လက်မှတ်ရေးထိုးမည် ဖြစ်သည်။

သမ္မတထရမ့်က ၎င်း၏ ပထမအကြိမ် သမ္မတသက်တမ်းအတွင်း အမေရိကန်စစ်တပ်တွင် လိင်ပြောင်းသူများ တာဝန်ထမ်းဆောင်ခြင်းကို တားမြစ်ပိတ်ပင်သွားမည်ဟု ကြေညာခဲ့သည်။ 

ထရမ့်က ထိုသို့တားမြစ်ပိတ်ပင်ရန် ၎င်း၏ဆုံးဖြတ်ချက်ကို ပထမအကြိမ် သမ္မတသက်တမ်းအတွင်း အပြည့်အဝ အကောင်အထည် မဖော်နိုင်ခဲ့သည့်အပြင် ၂၀၂၁ ခုနှစ်တွင် သမ္မတဖြစ်လာသူ ဂျိုးဘိုင်ဒန်ကလည်း ထရမ့်၏ ဆုံးဖြတ်ချက်ကို ပယ်ဖျက်ခဲ့သည်။

ယခု ဒုတိယအကြိမ် သမ္မတဖြစ်လာချိန်တွင်မူ ထရမ့်က ၎င်း၏ ဆုံးဖြတ်ချက်ကို ပြန်လည် အကောင်အထည်ဖော်ပြီး လိင်ပြောင်းသူများ အမေရိကန်စစ်တပ်တွင် တာဝန်ထမ်းဆောင်ခြင်းကို တားမြစ်ပိတ်ပင်မည် ဖြစ်သည်။

 ထို့အပြင် ၂၀၂၁ ခုနှစ်တွင် အမေရိကန်တပ်ဖွဲ့ဝင်များ COVID-19 ကာကွယ်ဆေး မဖြစ်မနေ ထိုးရမည်ဟု သတ်မှတ်ခဲ့ပြီးနောက် ကာကွယ်ဆေး မထိုးသောကြောင့် ထုတ်ပယ်ခံရသည့် ထောင်နှင့်ချီသော တပ်ဖွဲ့ဝင်များကိုလည်း ရာထူးပြန်ခန့်အပ်ရန် ထရမ့်က သမ္မတအမိန့်ညွှန်ကြားချက် လက်မှတ်ရေးထိုးမည်ဟု သိရသည်။

လိင်ပြောင်းလဲထားပြီး အမေရိကန်စစ်တပ်တွင် စစ်မှုထမ်းနေသည့် အရေအတွက်မှာ ၂၀၂၁ခုနှစ်ထိ  (၁၃,၀၀၀)ဝန်းကျင်ရှိနေကြောင်း သိသည်။

 

Source: Reuters, CNN

 

Mr John သည် Tachileik News Agency ၏ နိုင်ငံတကာသတင်း ကဏ္ဍအတွက် ဘာသာပြန် သတင်းတင်ဆက်နေသူ ဖြစ်သည်...