ထိုင်းနိုင်ငံတွင် နေအိမ်ကနေ မုန့်ဝယ်ရန် ထွက်သွားရာမှ ပျောက်နေသည့် အသက်(၁၃)နှစ်အရွယ် သားဖြစ်သူကို မိခင်၏ လက်မလျှော့စတမ်း ရှာဖွေမှုကြောင့် (၅)နှစ်အကြာတွင် ပရဟိတအသင်းတစ်သင်း၏ အကူအညီဖြင့် သားအမိနှစ်ဦး ပြန်လည် ဆုံဆည်းခဲ့ကြသည်။
၂၀၁၉ခုနှစ် နိုဝင်ဘာလ(၁၆)ရက်နေ့က အသက်(၁၃)နှစ်ရှိ Turnpong "Aut" Dokbuaban သည် ဘန်ကောက်မြို့ တလင်ချန်းဒေသရှိ နေအိမ်ကနေ မုန့်ဝယ်မည်ဟုဆိုကာ ထွက်သွားရာမှ နေအိမ်သို့ ပြန်ရောက်လာခြင်းမရှိ၍ မိခင်ဖြစ်သူက သားဖြစ်သူ၏ ဓါတ်ပုံများကို ဒေသအတွင်း ဖြန့်ဝေပြီး ရှာဖွေသလို အွန်လိုင်းပေါ်တွင်လည်း ဖြန့်ဝေပြီး စုံစမ်းရှာဖွေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သားဖြစ်သူမှာ ဖွံ့ဖြိုးမှု နှေးကွေးသည့် ကျန်းမာရေးချို့ယွင်းချက်ရှိသူဖြစ်သလို ၎င်း၏ ညာဖက် နားရွက်တွင် အမဲရောင် မွေးရာပါ အမှတ်ရှိပြီး ဘယ်ဖက် နားရွက်တွင် အသားပိုတစ်ခုရှိကြောင်းနှင့် နေအိမ်ကနေ မုန့်ဝယ်ရန် ထွက်သွားပြီးနောက် ပြန်ရောက်မလာခဲ့ခြင်း ဖြစ်ကြောင်း စသည့် အချက်အလက်များကို ပုံနှင့်အတူ ဖြန့်ဝေကာ စုံစမ်းခဲ့ခြင်း ဖြစ်သည်။
သားပျောက်ရှာနေသည့် မိခင်သည် ပျောက်ဆုံးနေသော သားဖြစ်နိုင်ကြောင်း ထင်မြင်ယူဆစရာတိုင်းကို အလေးအနက်ထားပြီး စုံစမ်းရှာဖွေခဲ့သော်လည်း ကြိုးစားမှုများမှာ အရာမထင်ခဲ့ကြောင်း နှင့် သူမ၏ သားအဖြစ် ဟန်ဆောင်ထားသူများနှင့်သာ မကြာခဏ တွေ့ရလေ့ရှိသည့်အတွက် မိခင်ဖြစ်သူ Nareerat က ကြေးမုံဖောင်ဒေးရှင်းထံ အကူအညီတောင်းလိုက်ကြောင်း သိရသည်။
တနေ့တွင် ပျောက်နေသည့် သားဖြစ်သူ နှင့် ဆင်တူသော အမျိုးသားတစ်ဦးကို ဗီဒီယိုတစ်ခုတွင် ရှာတွေ့ရပြီး ဗီဒီယိုထဲမှ အမျိုးသားမှာ ထိုင်းနိုင်ငံမြောက်ပိုင်း နခွန်းဆဝမ်ပြည်နယ်ရှိ ခွေးမွေးမြူရေးခြံတစ်ခုတွင် အလုပ်လုပ်ကိုင်နေပြီး ခွေးတစ်ကောင်ကို လေ့ကျင့်ပေးနေသည်ကို တွေ့ရသည်။
ဆက်လက်၍ ကြေးမုံဖောင်ဒေးရှင်းက ခွေးမွေးမြူရေးခြံပိုင်ရှင်နှင့် မိခင်ဖြစ်သူ Nareerat တို့ကြား ဆက်သွယ်နိုင်ရန် စီစဥ်ပေးလိုက်ရာ နောက်ဆုံးတွင် ဗီဒီယိုထဲမှ အမျိုးသားမှာ အမှန်တကယ်ပင် ပျောက်ဆုံးနေသူ Turnpong "Aut" Dokbuaban ဖြစ်နေကြောင်း သိရသည်။
ပျောက်နေသည့် သားဖြစ်သူမှာ နေအိမ်ကနေ ထွက်ခွာလာသည့် (၅)နှစ်ကာလအတွင်းအနက် (၃)နှစ်ကာလတွင် အိမ်ခြေရာမဲ့တစ်ဦးအဖြစ် အချိန်ကာလအကြာ နေထိုင်ခဲ့ရပြီး မူးယစ်ဆေးဝါးနှင့်လည်း ပတ်သက်မှုရှိခဲ့သလို စွန့်ပစ်ပစ္စည်းများ ကောက်ယူစုဆောင်ခြင်း အပြင် ဆောက်လုပ်ရေးလုပ်ငန်းတွင်လည်း လုပ်ကိုင်ခြင်းဖြင့် အလုပ်မျိုးစုံ လုပ်ခဲ့ရကြောင်း နှင့် နောက်ဆုံး (၂)နှစ်ကာလတွင် ၎င်းသည် ခွေးမွေးမြူရေးခြံတွင် အလုပ် စတင် လုပ်ကိုင်ခဲ့ကြောင်း သိရသည်။
နောက်ဆုံးတွင် သားအမိနှစ်ဦးသည် ကြေးမုံဖောင်ဒေးရှင်း၏ အကူအညီဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၃) ရက်နေ့တွင် ပြန်လည် ဆုံဆည်းခဲ့ရပြီး ထိုသို့ ပြန်လည် ဆုံဆည်းမှုမျိုးသည် ချစ်ရသူများ၊ ပျောက်ဆုံးနေသော မိသားစုများ အတွက် မျှော်လင့်ချက် မစွန့်လွှတ်ရန် အားပေးမှုတစ်ခု ဖြစ်လာသည်။
Source: TheThaiger
Photo: ThaiRath