ပျော်ဘွယ် KBZ ဘဏ် အဆောက်အဦး ပြိုကျမှုအတွင်း ပိတ်မိသေဆုံးသူများ၏ ရုပ်အလောင်း ထပ်ရှာစရာမရှိတော့၍ ရှာဖွေမှု ရပ်ဆိုင်း

ပျော်ဘွယ် KBZ ဘဏ် အဆောက်အဦး ပြိုကျမှုအတွင်း ပိတ်မိသေဆုံးသူများ၏ ရုပ်အလောင်း ထပ်ရှာစရာမရှိတော့၍ ရှာဖွေမှု ရပ်ဆိုင်း

မန္တလေးတိုင်းအတွင်း ငလျင်လှုပ်ခတ်မှုကြောင့် ပျော်ဘွယ်မြို့ရှိ ကမ္ဘောဇဘဏ် (KBZ Bank) အဆောက်အဦး ပြိုကျမှုအတွင်း ပိတ်မိနေသူများထဲက သေဆုံးသူ၏ ရုပ်အလောင်း (၂)လောင်းကို ယနေ့ ဧပြီလ (၃)ရက်နေ့တွင် ထပ်မံတွေ့ရှိရပြီးနောက် ရရှိထားသည့် လူဦးရေ စာရင်းများအရ  ရှာဖွေမှု ပြီးစီးပြီဖြစ်၍ KBZ Bank အဆောက်အဦးအတွင်း ရှာဖွေမှု ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

"ငလျင်ဒဏ်ကြောင့် ဘဏ်အဆောက်အဦးပြိုကျမှု စာရင်းအချက်အလက် (data)များအရ နောက်ဆုံးကျန်ရှိတဲ့ အမျိုးသား၏ ရုပ်အလောင်းကို  (၆း၄၅)အချိန်မှာ ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဥ် ပြီးစီးခဲ့ပြီ ဖြစ်ပါသည်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်ပါသည်။"ဟု ပျော်ဘွယ်မီးသတ်တပ်ဖွဲ့က ဧပြီလ(၃)ရက်နေ့ ည(၇)နာရီ (၄၈)မိနစ်အချိန်တွင် သတင်းထုတ်ပြန်ထားသည်။

ယနေ့ ဧပြီလ(၃)ရက်နေ့ နေ့လယ်(၁၂)နာရီ (၈)မိနစ်အချိန်တွင် သေဆုံးသူ  Customer အမျိုးသမီး(၁)ဦး၏ အလောင်းကို လည်းကောင်း၊ ည(၆)နာရီ (၄၆)မိနစ်အချိန်တွင် နောက်ထပ်  Customer အမျိုးသား(၁)ဦးကိုလည်းကောင်း ထပ်မံတွေ့ရှိရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဧပြီလ (၂)ရက်နေ့ကလည်း အမျိုးသား(၄)ဦး နှင့် အမျိုးသမီး (၄)ဦး စုစုပေါင်း (၈)ဦးကို တွေ့ရပြီး ဧပြီလ (၁)ရက်နေ့တွင် ဘဏ်ဝန်ထမ်း (၃)ဦး၏ အလောင်းအား ရှာတွေ့ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ 

ဘဏ်အဆောက်အဦးတွင် ပိတ်မိနေသူ ဘဏ်ဝန်ထမ်းနှင့် Customer အပါအဝင် (၄၀)ဝန်းကျင်ရှိမည်ဟု ခန့်မှန်းခဲ့ပြီး ရှာဖွေမှုများ ပြုလုပ်ပြီးနောက် ရှာဖွေတွေ့ရှိမှုများအရ နောက်ထပ်ရှာဖွေရန် မရှိတော့၍ ရှာဖွေမှုကို ရပ်ဆိုင်းလိုက်ပြီး ပြန်လည်ထူထောင်ရေးအတွက်သာ ဆက်လက် လုပ်ဆောင်ရမည်ဖြစ်ကြောင်းသိရသည်။

ပျော်ဘွယ် KBZ ဘဏ်၏ အဆောက်အဦးအတွင်း ရှာဖွေကယ်ဆယ်မှုများကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် စင်္ကာပူနိုင်ငံ၏ Singapore Civil Defence Force မှ တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေရေး လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

 

ဘဏ်ဝန်ထမ်းနှင့် Customer အပါအဝင် (၄၀)ဝန်းကျင်ရှိမည်ဟု ခန့်မှန်းကာ ရှာဖွေပြီးနောက် သေဆုံးသူများ၏ ရုပ်အလောင်းများကို ရှာဖွေမှုနေ့စပြီး ဧပြီလ(၃)ရက်နေ့အထိ တွေ့ရှိရသော်လည်း စုပေါင်းရှာဖွေတွေ့ရှိရသည့် ရုပ်အလောင်း အရေအတွက်ကိုတော့ သတင်းထုတ်ပြန်ထားခြင်းမရှိသေးသည်ကို တွေ့ရသည်။

#TachileikNewsAgency

Photo: MFSD