ငလျင်ကြောင့် ပြိုကျသည့် မန္တလေးဗလီများမှ သေဆုံးတွေ့ရှိမှု တိုးလာနေဆဲ

ငလျင်ကြောင့် ပြိုကျသည့် မန္တလေးဗလီများမှ သေဆုံးတွေ့ရှိမှု တိုးလာနေဆဲ

ငလျင်ကြောင့် မန္တလေးမြို့တွင်းရှိ ဗလီများပြိုကျမှုအတွင်း သေဆုံးသူအရေအတွက်မှာ ၂၀၂၅ ခုနှစ် ဧပြီလ (၃)ရက်နေ့အထိ ရာဂဏန်းရှိနေပြီး ဆက်လက်တိုးလာနေဆဲဖြစ်ကြောင်း ကျောက်ဗလီလူမှုဆောင်ရွက်ရေးအသင်းထံမှ သိရသည်။

“ဗလီပြိုကျတဲ့စာရင်းက တိတိကျကျ မရသေးဘူး။ ကယ်ဆယ်ရေးနဲ့ သင်္ဂြိုလ်ရေးက မပြီးနိုင်ဘူးဖြစ်နေတာ။ အခုလည်း သင်္ဂြိုလ်ရဦးမယ်။ အခုသွားရင် နောက်တစ်ခုထပ်ပေါ်  အဲဒီလိုမျိုးဖြစ်နေတာ။ မြို့တွင်း ဗလီတွေပြိုကျမှုမှာ သေဆုံး(၁၀၀)လောက်ကို ကျွန်တော်တို့ မြှုပ်နှံပြီးပြီ။ ကျန်သေးတယ် အများကြီး။ ကျွန်တော်တို့ ထပ်ဖော်ရဦးမယ်။”ဟု ကျောက်ဗလီလူမှုဆောင်ရွက်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ပြောသည်။

အဆိုပါလူမှုဆောင်ရွက်ရေးအသင်းမှ သဂြိုလ်ပေးထားသည့်စာရင်းအပြင် မန္တလေး အမရပူရမြို့နယ် ဗုံးအိုးရွာတွင်လည်း ငလျင်ဒဏ်ကြောင့် သေဆုံးသွားသည့် အစ္စလာမ်ဘာသာဝင် (၁၅၀)ဦးဝန်းကျင်ရှိကြောင်း သိရသည်။

ငလျင်ကြောင့် မန္တလေးမြို့တွင်းရှိ ဗလီအားလုံးနီးပါးမှာ ဖြိုချရမည့်အခြေအနေဖြစ်သွားပြီး ဗလီအနည်းငယ်ဝန်းကျင်သာ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

“ဗလီတော်တော်များများကတော့ ဖြိုချရမယ့်အခြေအနေရောက်သွားပြီပေါ့ဗျာ။ လုံးဝပြိုသွားတာကတော့ (၅)လုံးလောက်ရှိတယ်။ ဒီထက်ပိုရင်လည်း ပိုမှာပါ။ ကျွန်တော်တို့ ကျောက်ဗလီလည်း ဗလီမကြီးတော့ ကျန်တယ်။ နောက်တခါထပ်လှုပ်ရင် အကုန်ပြိုတော့မှာ။”ဟု ၎င်းကဆက်ပြောသည်။

ကျောက်ဗလီလူမှုဆောင်ရွက်ရေးအသင်းသည် အစ္စလာမ်ဘာသာဝင်များအတွက် ငလျင်ကြောင့် သေဆုံးသူများအား မြှုပ်နှံရေး၊ ပြိုကျသွားသော တိုက်များမှ ရှာဖွေကယ်ဆယ်ရေး၊ ဒုက္ခသည်များအား ချက်ပြုတ်ကျွေးမွေးရေးနှင့် ပြန်လည်ထူထောင်ရေးအဖွဲ့များဆိုကာ ဖွဲ့စည်းလုပ်ဆောင်နေကြသည်ဟု သိရသည်။

#TachileikNewsAgency

Photo: ကျောက်ဗလီလူမှုဆောင်ရွက်ရေးအသင်း