WFP က မြန်မာနိုင်ငံတွင်း လူဦးရေတစ်သန်းကျော်အတွက် စားနပ်ရိက္ခာထောက်ပံ့နေခြင်းကို ရပ်ဆိုင်းတော့မည်

WFP က မြန်မာနိုင်ငံတွင်း လူဦးရေတစ်သန်းကျော်အတွက် စားနပ်ရိက္ခာထောက်ပံ့နေခြင်းကို ရပ်ဆိုင်းတော့မည်

ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ်(WFP)က ရန်ပုံငွေမလုံလောက်မှုကြောင့် လက်ရှိမြန်မာ့လူဦးရေတစ်သန်းကျော်အား ကူညီထောက်ပံ့နေသည့် စားနပ်ရိက္ခာအကူအညီများကို ၂၀၂၅ ခုနှစ် ဧပြီလတွင် ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း သတိပေးပြောကြားထားသည်။

“အခုဖြစ်လာမယ့် အကူအညီရပ်ဆိုင်းမှုတွေဟာ အသက်ရှင်သန်ရေးအတွက် WFP အကူအညီတစ်ခုတည်းကိုသာ အားထားနေကြရတဲ့ နိုင်ငံတစ်ဝန်းက ထိခိုက်လွယ် ရပ်ရွာလူထုတွေအတွက် ပြင်းပြင်းထန်ထန်ဆိုးဆိုးရွားရွား ရိုက်ခတ်နိုင်ပါတယ်။”ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Michael Dunford က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပဋိပက္ခများ၊ နေရပ်စွန့်ခွာရွှေ့ပြောင်းမှုများနှင့် သွားရောက်ကူညီခွင့် ကန့်သတ်ချက်များတိုးမြင့်လာခြင်းကြောင့် စားနပ်ရိက္ခာအကူအညီများ ပိုမိုလိုအပ်လာနေချိန်တွင် WFP ထံမှ လက်ရှိရရှိနေသည့် အကူအညီများ ရပ်ဆိုင်းတော့မည်ဖြစ်သည်။

WFP အနေဖြင့် ရန်ပုံငွေထပ်မံမရပါက အသက်ငါးနှစ်အောက် ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် မသန်စွမ်းသူများ စုစုပေါင်း လူဦးရေ (၃၅၀၀၀)ခန့်ကိုသာ ဆက်လက်ကူညီနိုင်တော့မည်ဖြစ်ကြောင်း မတ်လ (၁၄)ရက်နေ့က ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

ယင်းသို့ အကူအညီများ ဖြတ်တောက်လိုက်သော်လည်း စားနပ်ရိက္ခာလိုအပ်မှု အမြင့်ဆုံးကာလဖြစ်သည့် ဇူလိုင်လမှ စက်တင်ဘာလအတွင်း အရေးပေါ်အစီအစဉ်အနေဖြင့် လူဦးရေ သုံးသိန်းအား အထောက်အပံ့များ ပြန်ပေးရန် ကြိုးပမ်းမည်ဟု ဆိုထားသည်။

မြန်မာနိုင်ငံတွင် လူဦးရေ ၁၅ ဒဿမ ၂ သန်းခန့်သည် တစ်နေ့တာ စားနပ်ရိက္ခာလိုအပ်ချက် မပြည့်မီမှုနှင့် ကြုံတွေ့နေရသည်ဟု WFP ၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

#TachileikNewsAgency