ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့အကြား ပဋိပက္ခများ ပြေလည်ရေး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေဖြင့် လိုအပ်သလိုကူညီရန် အသင့်ရှိသည်ဟု ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၁၄)ရက်နေ့တွင် ထုတ်ပြန်သည်။
KIA နှင့် TNLA တို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း၌ ခွင့်ပြုချက်မရှိဘဲ ဆက်ဆံရေးရုံးဖွင့်လှစ်မှု၊ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်လာမှု စသည့် အခြေအနေများဖြင့် နှစ်ဖက်အကြား အောက်ခြေတွင် သဘောထားတင်းမာနေကြခြင်း ဖြစ်သည်။
ယင်းအခြေအနေအပေါ် NUG ၏ ထုတ်ပြန်ချက်တွင် နွေဦးတော်လှန်ရေးခေတ်တွင် စစ်အာဏာရှင်အား ဘုံရန်သူအဖြစ်လည်းကောင်း၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုသစ်တည်ဆောက်ရေးအား ဘုံရည်မှန်းချက်အဖြစ်လည်းကောင်း တော်လှန်ရေးအင်အားစုများအကြား ထပ်တူထပ်မျှမှတ်ယူကြပြီးဖြစ်သည်ဟု ထုတ်ပြန်သည်။
တော်လှန်ရေးအင်အားစုများ၏ ဟန်ချက်ညီ ကြိုးပမ်းမှုများကြောင့် ယနေ့တွင် ဒေသအလိုက် စစ်ကောင်စီကင်းစင်နယ်မြေများ ပေါ်ပေါက်လာခဲ့ကာ စစ်အာဏာရှင်ကျဆုံး၍ တနိုင်ငံလုံးလွတ်မြောက်ရန် လက်တကမ်းသာ လိုတော့သည့်အချိန် ရောက်ရှိနေပြီဟုလည်း ဆိုသည်။
အဆိုပါအခြေအနေတွင် ရှမ်းမြောက်ဒေသ၌ ဖြစ်ပေါ်လျက်ရှိသော မြေပြင်အငြင်းပွားမှုအချို့ကြောင့် ဒေသခံပြည်သူများသာမက နွေဦးတော်လှန်ရေးတွင် ပါဝင်နေကြသည့် ပြည်သူလူထုတရပ်လုံးအကြားတွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေရသည်ဟု NUGက ထုတ်ပြန်သည်။
နှစ်ဖက်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များက မိတ်ဖက်ပဋိပက္ခများအဖြစ်သာ ရှုမြင်ကြောင်းနှင့် နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းမည်ဆိုသည့် သန္နိဋ္ဌာန်ချမှတ်ထားကြကြောင်းကို ကြားသိရသည့်အတွက် ကြိုဆိုသည်ဟုလည်း ထုတ်ပြန်ထားသည်။
လတ်တလော ပေါ်ပေါက်လာသော အောက်ခြေပွတ်တိုက်မှုများမှသည် လူမျိုးရေးအမုန်းတရားဆီ အပြန့်ကျယ်မသွားစေရန်အတွက် နှစ်ဖက်အဖွဲ့ အစည်းခေါင်းဆောင်များအနေဖြင့် ထိန်းကျောင်းနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ထုတ်ပြန်ထားသည်။
နှစ်ဖက်မျက်နှာချင်းဆိုင် တွေ့ဆုံညှိနှိုင်းလျှင် ပြဿနာအများစုအား အခက်အခဲမရှိ ဖြေရှင်းပြေလည်စေလိမ့်မည်ဟုလည်း ဆိုသည်။
ယခုရက်ပိုင်းအတွင်း နှစ်ဖက်အဖွဲ့အစည်းများအကြား ဗဟိုအဆင့် ဆွေးနွေးမှုများ လုပ်ဆောင်မည်ဟု ဖော်ပြလာခြင်း၊ ပြည်သူလူထု၏ သဘောဆန္ဒကိုရယူမည်ဟု ဖော်ပြလာခြင်းများသည် အပြုသဘောဆောင်ပြီး ပြည်သူကို မျက်နှာမူသည့် ပြယုဂ်များဖြစ်ကြသဖြင့် NUG က ကြိုဆိုသည်ဟု ဆိုသည်။
၁၉၇၆ ခုနှစ် ဖေဖော်ဝါရီလ(၁၄)ရက်နေ့တွင် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့တို့သည် ညီညွတ်ရေးမဟာမိတ်စာချုပ်ကို ချုပ်ဆိုခဲ့ကြပြီး အတူတကွနေထိုင်ခဲ့ကြသည်။
ထို့အပြင် တစ်ဖွဲ့၏အကျိုးကို တစ်ဖွဲ့က အားပေးထောက်ခံသွားမည်သာမက ကူညီရိုင်းပင်းသွားမည်ဟုလည်း စာချုပ်တွင်ဖော်ပြထားသည်။
စာချုပ်ပါ အရေးအကြီးဆုံးမှတ်သားအပ်သည့်အချက်မှာ "အဖွဲ့အစည်းနှစ်ဖွဲ့ကြား ဖြစ်ပေါ်လာတတ်သည့် မည်သည့်ပဋိပက္ခမျိုးကိုမဆို မိတ်ဖက်ပဋိပက္ခဖြေရှင်းနည်းဖြင့်သာ ဖြေရှင်းသွားမည်" ဆိုသည့် အချက်ဖြစ်သည်ဟု ဆိုသည်။
နှစ်ဖက်အဖွဲ့အစည်းများ ထားရှိခဲ့သည့် ထာဝရမဟာမိတ်စာချုပ်ကို ဆက်လက်အသိအမှတ်ပြုကြောင်း ၂၀၂၃ ခုနှစ် မေလ(၂၈)ရက်နေ့တွင် ပူးတွဲထုတ်ပြန်ခဲ့ကြသေးသည်။
ယင်းတွေ့ဆုံပွဲ၏ နှစ်ဖက်ပူးတွဲထုတ်ပြန်ချက်တွင်ပါရှိသည့် အငြင်းပွားဖွယ် သမိုင်းကြောင်းနှင့် အမုန်းစကားများကို ရှောင်ကြဉ်ကာ ချစ်ခင်ရင်းနှီးမှုတို့ကို အလေးထားဆောင်ရွက်ရန်၊ မမျှော်လင့်သည့် အခက်အခဲများ ပေါ်ပေါက်လာပါက မှန်ကန်သော ဆုံးဖြတ်ချက်ရရှိရေးအတွက် နှစ်ဖက်တိုင်ပင်ညှိနှိုင်း ဖြေရှင်းသွားကြရန်နှင့် ပဋိပက္ခ မပေါ်ပေါက်စေရန်အတွက် ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆိုသည့်အချက်များ ပါဝင်သည်။
#TachileikNewsAgency