မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီဒေသ BGF ထိန်းချုပ်ဒေသရှိ ကျားဖြန့်ဂိုဏ်း(Call Center ငွေလိမ်ဂိုဏ်း)များတွင် လူကုန်ကူးခံရသူ၊ လာရောက်လုပ်ကိုင်နေသူများအား ထိုင်းနိုင်ငံဘက်က ဖိအားကြောင့် လွှဲပြောင်းပေးနေရာ ၂၀၂၅ ခုနှစ် မတ်လ (၆)ရက်နေ့တွင် တရုတ်နိုင်ငံသား (၄၅၆)ဦးကို ထပ်မံလွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။
အဆိုပါတရုတ်နိုင်ငံသားများကို မြဝတီမြို့ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)မှနေ၍ လွှဲပြောင်းပေးလိုက်ခြင်းဖြစ်ပြီး ၎င်းတို့မှာ ရွှေကုက္ကိုလ်၊ မယ်ထော်သလေးနှင့် KK Park တို့တွင် ကျားဖြန့်(အွန်လိုင်းငွေလိမ်ဂိုဏ်း)များတွင် လုပ်ကိုင်ရန် စည်းရုံးစေခိုင်းခံရသူများဖြစ်သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
BGF နယ်မြေအတွင်း ကျားဖြန့်လုပ်ငန်းများတွင် လုပ်ကိုင်နေကြသည့် နိုင်ငံပေါင်းစုံမှ နိုင်ငံခြားသား (၇၀၀၀)ဦးကျော်ရှိသည့်အနက် တရုတ်နိုင်ငံသား (၄၈၀၀)ဦးပါဝင်ကြောင်း သိရပြီး ၎င်းတို့အား မြန်မာဘက်တွင် ထိန်းချုပ်ထားကာ ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြန်ပို့နိုင်ရေးအတွက် အသုတ်လိုက်ခွဲ၍ ထိုင်းဘက်သို့ ပို့ဆောင်နေခြင်းဖြစ်သည်။
ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့နယ်အတွင်း စစ်ကောင်စီတပ် လက်အောက်ခံ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်နယ်မြေများတွင် တရုတ်ငွေလိမ်ဂိုဏ်းများ အခြေချကာ နိုင်ငံဖြတ်ကျော်ငွေကြေးလိမ်လည်မှုများ လုပ်နေသဖြင့် ၎င်းတို့အား နှိမ်နှင်းရေးအတွက် တရုတ်နိုင်ငံက ထိုင်းနိုင်ငံအား ဖိအားပေးမှုကြောင့် ထိုင်းနိုင်ငံက ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ (၅)ရက်နေ့မှစကာ မြန်မာနယ်စပ်ဒေသများသို့ လျှပ်စစ်မီး၊ အင်တာနက်လိုင်းနှင့် စက်သုံးဆီတင်ပို့မှုတို့အား ဖြတ်တောက် ဖိအားပေးခဲ့ခြင်းဖြစ်သည်။
ယင်းသို့ဖိအားပေးလာချိန်တွင် ထိုင်းကုန်စည်များအား သပိတ်မှောက်ရန် ဆန္ဒပြပွဲတစ်ခုကို မြဝတီမြို့တွင် စစ်ကောင်စီ၏ခွင့်ပြုချက်ဖြင့် ဖေဖေါ်ဝါရီလ (၈)ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်ကိုလည်း တွေ့ရသည်။
ယင်းနောက် မြန်မာ - ထိုင်းနယ်စပ်ဒေသတလျှောက် လျှပ်စစ်မီး နှင့် စက်သုံးဆီပြန်လည် ရရှိရေးအတွက် နယ်ခြားစောင့်တပ်( Border Guard Forces - BGF) နှင့် ဘုရားသုံးဆူဒေသဘက်ရှိ ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် ( Democratic Karen Buddhist Army - DKBA )တို့က ၎င်းတို့နယ်မြေများအတွင်း ကျားဖြန့်လုပ်ငန်းများ မရှိစေရေးဆောင်ရွက်မည်ဟု ထုတ်ဖော်ပြောကြားကာ ဖမ်းဆီးလွှဲပြောင်းမှုများ လုပ်လာကြသည့်နည်းတူ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်နှင့် ရဲတို့က အွန်လိုင်းလောင်းကစားဖမ်းဆီးခြင်း လုပ်ဆောင်တော့မည်ဟု ကြိုတင်အသိပေးကာ ဖမ်းဆီးမှုအချို့ လုပ်လာခြင်းဖြစ်သည်။
အွန်လိုင်းငွေလိမ်ဂိုဏ်းများ၊ လူကုန်ကူးမှုများ၊ လူကုန်ကူးခံရသူများအား လူမဆန်သည့် ညှင်းပန်းနှိပ်စက်မှုများဖြင့် နာမည်ကျော်နေသည့် ရွှေကုက္ကိုလ်အထူးစီးပွားရေးဇုန်သည် မြန်မာ-ထိုင်းနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့၏ မြောက်ဘက်ဆယ်မိုင်အကွာ ကရင်ပြည်နယ်ခြားစောင့်တပ် (BGF)ထိန်းချုပ်ရာ သောင်ရင်းမြစ်ကမ်းတွင် ရှိနေပြီး ထိုင်းနိုင်ငံ မဲဆောက်နှင့် မြန်မာနိုင်ငံ မြဝတီကို ဆက်သွယ်သည့် အဓိကကျသော နယ်စပ်ဖြတ်ကျော်ဂိတ်အနီး တည်ရှိနေခြင်းဖြစ်သည်။
ကာစီနိုလောင်းကစားရုံများအပါအဝင် ခရီးသွားများအား ဆွဲဆောင်နိုင်မည့် နိုင်ငံတကာအဆင့်မီ အပန်းဖြေနေရာအဖြစ် အကောင်အထည်ဖော်မည်ဟုဆိုသည့် အဆိုပါစီမံကိန်းကို DKBA မှ ခွဲထွက်ပြီး စစ်ကောင်စီတပ်လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)အဖြစ် အသွင်ပြောင်းခဲ့သည့် ဗိုလ်မှူးကြီးစောချစ်သူပိုင် ချစ်လင်းမြိုင်ကုမ္ပဏီနှင့်အတူ ဟောင်ကောင်တွင် မှတ်ပုံတင်ထားသော တရုတ်ကုမ္ပဏီဖြစ်သည့် ရထိုက်နိုင်ငံတကာဦးပိုင်အုပ်စု (Yatai International Holdings Group) တို့ ပူးပေါင်းလုပ်ကိုင်ခွင့်ရထားကြခြင်းဖြစ်သည်။
၂၀၁၀ ခုနှစ်တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလိုက်သော DKBA သည် နယ်စပ်တွင် စီးပွားရေးလုပ်ငန်းများစွာကို လုပ်ဆောင်ခွင့်ရထားခြင်းဖြစ်ပြီး ရထိုက်နိုင်ငံတကာဦးပိုင်လုပ်ငန်းစုသည် ဘန်ကောက်တွင် အခြေစိုက်ကာ ဟောင်ကောင်တွင် မှတ်ပုံတင်ထားသော လုပ်ငန်းဖြစ်ကာ ကမ္ဘောဒီးယားနှင့် မလေးရှားနိုင်ငံသားများအဖြစ် ခံယူထားသော တရုတ်လူမျိုးများက ဦးဆောင်နေခြင်းဖြစ်သည်။
#TachileikNewsAgency