ဟုမ္မလင်းတွင် SNA တပ်သား ၉ ဦး လက်နက်နှင့်အတူ ပကဖထံ အလင်းဝင်

ဟုမ္မလင်းတွင် SNA တပ်သား ၉ ဦး လက်နက်နှင့်အတူ ပကဖထံ အလင်းဝင်

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်တွင် ရှမ်းနီအမျိုးသားတပ်မတော်(SNA)မှ တပ်သား(၉)ဦး ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ဟုမ္မလင်း-ပကဖ)ထံ အလင်းဝင်လာသည်ဟု သိရသည်၊

SNA တပ်ရင်း(၇၅၃)မှ တပ်သား(၉)ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၂)ရက်နေ့က အလင်းဝင်လာခြင်းဖြစ်သည်ဟု ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့တွင် ထုတ်ပြန်သည်။

၎င်းတို့သည် G-3 (၃)လက်၊ AK ဒင်ခေါက် တစ်လက်၊ AK တစ်လက်၊ ကီးချန်း တစ်လက်၊ G-3 ကျည်(၁၉၅)တောင့်၊ ၇.၆၂ ကျည် (၆၀၇)တောင့်တို့နှင့်အတူ အလင်းဝင်လာသည်ဟု ဆိုသည်။

အဆိုပါ SNA တပ်ဖွဲ့ဝင်များကို ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားပြီး အလင်းဝင်ရဲဘော်များ၏ မိသားစုဝင်များနှင့် တွေ့ဆုံစေခဲ့သည်ဟု သိရသည်။

ထို့အပြင် ကျန်းမာရေးစောင့်ရှောက်မှုများလည်းပေးထားပြီး အခြားတော်လှန်အင်အားစုများမှလည်း အလင်းဝင်ရဲဘော်များကို လာရောက်တွေ့ဆုံ၍ စိတ်ဓာတ်ခွန်အားပေးကာ လိုအပ်သည်များကို ဖြည့်ဆည်းပေးခဲ့ကြသည်ဟု သိရသည်။ 

ထို့နောက် ဖေဖော်ဝါရီ(၂၀)ရက်နေ့တွင် ခန္တီးခရိုင်ပေါင်းစပ်ညှိနိူင်းရေးအဖွဲ့မှဦးဆောင်ပြီး အလင်းဝင်ရဲဘော်များကို ဂုဏ်ပြုငွေချီးမြှင့်ခြင်း အခမ်းအနားပြုလုပ်ပေးသည်ဟု သိရသည်။

SNA ရဲဘော်များအနေဖြင့် ပြည်သူများဘက်မှရပ်တည်ပြီး ပြည်သူ့ရင်ခွင်သို့ခိုလှုံလိုပါက ဟုမ္မလင်းမြို့နယ် ပြည် သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ထံ ဆက်သွယ်နိုင်သည်ဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo:ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့