ဒိုက်ဦးမြို့နယ် ကျိုက်ဇကောထောင်မှ နိုင်ငံရေးအကျဉ်းသား ၃၇ဦး ပျောက်ဆုံးနေ

ဒိုက်ဦးမြို့နယ် ကျိုက်ဇကောထောင်မှ နိုင်ငံရေးအကျဉ်းသား ၃၇ဦး ပျောက်ဆုံးနေ

ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်ရှိ ကျိုက်ဇကောထောင်မှ ထောင်ပြောင်းရွှေ့သည်ဟုဆိုကာ စစ်ကောင်စီတပ်က ခေါ်ထုတ်သွားသည့် နိုင်ငံရေးအကျဉ်းသား (၃၇)ဦး ပျောက်ဆုံးနေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ နိုင်ငံရေးအကျဉ်းသားများကို စစ်ကောင်စီတပ်က ဇွန်လ (၂၇)ရက်နေ့တွင် ထောင်ပြောင်းရွှေ့သည်ဟုဆိုကာ ခေါ်ထုတ်သွားပြီးနောက် ပျောက်ဆုံးနေခဲ့ပြီး အဆိုပါ နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများ ဒိုက်ဦးထောင်သို့ သွားရောက်စုံစမ်းခဲ့ရာ ထောင်တာဝန်ရှိသူများမှ အကြိမ်အကြိမ်ငြင်းဆိုမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

၂၀၂၃ ခုနှစ် ဇူလိုင်လ (၇)ရက်နေ့က ခန့်လင်းနိုင်(ခ)ကိုခန့် (ခ)လက်ဝဲ၏ မိသားစုထံသို့လည်းကောင်း၊ ဇူလိုင်လ (၈)ရက်နေ့တွင် ပြည့်ဖြိုးဟိန်း(ခ) ကိုပြည့်၏ မိသားစုထံသို့လည်းကောင်း ဒိုက်ဦးထောင်မှ အင်းစိန်ထောင်သို့ ပြောင်းရွှေ့ရာတွင် လမ်းခရီး၌ မော်တော်ယာဉ် တိမ်းမှောက်မှုကို အခွင့်ကောင်းယူကာ ထွက်ပြေးခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရာ သေဆုံးသွားကြောင်း ဒိုက်ဦးအကျဉ်းထောင်၊ ဦးစီးအရာရှိ ကျော်ဇေယျမှ လက်မှတ်ထိုးပြီး အကြောင်းကြားစာ ပေးပို့လာခဲ့သည်ဟု သိရသည်။ 

ထိုစာသည် ဇွန်လ (၂၉)ရက်နေ့ဟု ရက်စွဲတပ်ထားသော်လည်း မိသားစု(၂)စုထံသို့ ဇူလိုင်လ (၇)ရက်နေ့နှင့် (၈)ရက်နေ့တို့တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အတွင်းစာတွင် ကိုပြည့်ဖြိုးဟိန်း၏ ဇနီးထံသို့ လိပ်မူထားသော်လည်း စာအိတ်အပြင်တွင်မူ အကျဥ်းထောင်မှ ပျောက်ဆုံးနေသော ကိုအောင်မျိုးသူ၏ ဇနီးနာမည်နှင့် လိပ်စာတပ်ထားသောကြောင့် ကိုအောင်မျိုးသူ၏ဇနီး မခင်မိုးမိုးထံသို့ ရောက်ရှိသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အရ ကိုအောင်မျိုးသူ၏ အသက်အန္တရာယ်မှာလည်း စိုးရိမ်စရာဖြစ်နေရပြီး ထောင်ပြောင်းသည်ဆိုသည်မှာလည်း အကြောင်းပြချက် တစ်ခုသာဖြစ်ကာ ယခုလပိုင်း ဖြစ်စဉ်များအရ အကျဉ်းထောင်များမှ ခေါ်ထုတ်ပြီး စစ်ကြောသတ်ဖြတ်ခြင်းများ ဆက်တိုက် သတင်းထွက်ပေါ် နေခြင်းဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ (၂)ရက်နေ့တွင်လည်း နိုင်ငံရေးအကျဉ်းသား တစ်ဦးဖြစ်သူ ဦးစိန်ဝင်း၏ မိသားစုထံသို့ ဦးစိန်ဝင်းမှာ မြင်းခြံထောင်အတွင်း အစာအိမ်သွေးကြောပေါက်၍ သေဆုံးသွားသည်ဟု အကြောင်းကြားခဲ့သည်ဟု ဆိုသည်။

သို့သော်လည်း အကျဉ်းထောင်အသိုင်းအဝိုင်းမှ  ဦးစိန်ဝင်းအား ထောင်ပြင်သို့ခေါ်ထုတ်ပြီး စစ်ကြောရေးလုပ်ရာတွင် ပါဝင်ခဲ့ကြောင်း ထောင်တွင်းရှိအကျဉ်းသားများထံမှ သိရှိရပြီး သေဆုံးချိန်တွင် အညိုအမည်းဒဏ်ရာများ တွေ့ရှိရကြောင်း သိရသည်။

ထို့အပြင် ဇွန်လ (၇)ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကောင်းဇာနည်ဟိန်း(ခ)လပြည့်၏ မိခင်နှင့် အမဖြစ်သူတို့ကို ပျူစောထီးများမှ နေအိမ်သို့ လာရောက်သတ်ဖြတ်ခဲ့ပြီး ဇူလိုင်လ (၆)ရက်နေ့တွင် ကောင်းဇာနည်ဟိန်းနှင့် ကျော်သူရတို့နှစ်ဦးအား စစ်တပ်မှ သတ်ဖြတ်ခဲ့ကြောင်း စစ်တပ် အသိုင်းအဝိုင်းမှ ဖေါ်ထုတ်ရေးသားမှုများ ရှိခဲ့သေးသည်။

အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများအား ယခုကဲ့သို့ လက်လွတ်စပယ် ပြောင်ပြောင်တင်းတင်း သတ်ဖြတ်နေသည့် လုပ်ရပ်မှာ ပြည်တွင်းဥပဒေများကိုသာမက နိုင်ငံတကာဥပဒေများကိုပါ ကျူးလွန်နေပြီး ယင်းသို့ သတ်ဖြတ်မှုများမှာ ဒုတိယကမ္ဘာစစ်အတွင်း ဂျူးလူမျိုးများကို ဥပဒေမဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် ဖက်ဆစ်နာဇီတို့၏ လုပ်ရပ်များနှင့် ထပ်တူဖြစ်နေသည်ဟု ဆိုသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့ မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အုပ်စုမှ မတရား အာဏာလုယူပြီးနောက်ပိုင်း တရားမဲ့သတ်ဖြတ်ခံရသူ စုစုပေါင်း (၃၇၅၇) ဦးရှိပြီဖြစ်ကြောင်း သိရသည်။

အကျဉ်းထောင်များအတွင်း ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခံရမှုများကြောင့် အသက်ဆုံးရှုံးရသူများ၊ စစ်ကြောရေးစခန်းများတွင် မတရားညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံခဲ့ရသူများမှာ စုစုပေါင်း (၁၅၀)ဦး ရှိပြီဖြစ်သည်ဟုလည်း AAPP က ထုတ်ပြန်ထားသည်။

#TachileikNewsAgency