အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ထိတွေ့ဆက်ဆံမှုများကြောင့် ရန်ကုန်မြိုရှိ တီမောလက်စ်တေးသံရုံးမှ သံရုံးယာယီတာဝန်ခံအနေဖြင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့မတိုင်မီ မြန်မာနိုင်ငံမှ ထွက်ခွါရန် အကြောင်းကြားခဲ့သည်ဟု စစ်ကောင်စီက ယနေ့ ဩဂုတ်လ (၂၇)ရက်နေ့တွင် ထုတ်ပြန်လာသည်။
စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဩဂုတ်လ (၂၅)ရက်နေ့က တီမောလက်စ်တေးသံရုံးအား အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး တီမောလက်စ်တေးအစိုးရအား ဆက်တိုက်သတိပေးပြောကြားမှုများ ပြုလုပ်လျက်ရှိသည့်ကြားမှ NUGနှင့် ထိတွေ့ဆက်ဆံမှူများ ပြုလုပ်ခဲ့သဖြင့် ထွက်ခွာသွားရန် အကြောင်းကြားခြင်းဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် တီမောလက်စ်တေးအစိုးရ၏ အဆင်အခြင်မဲ့သောလုပ်ရပ်များမှာ နှစ်နိုင်ငံအကြားရှိ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ထိခိုက်စေသည်သာမက အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် NUGမှ ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်ဆောင်ရွက်ချက်များ ပိုမိုလုပ်ဆောင်စေရန် အားပေးအားမြှောက် ပြုရာလည်းရောက်နေသည်ဟု ထုတ်ပြန်ထားသည်။
ထို့အပြင် သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းနှင့် မကိုက်ညီသည့် တီမောလက်စ်တေးအစိုးရ၏ ပြောကြားချက်နှင့် လုပ်ဆောင်ချက်များအား ပြင်းထန်စွာကန့်ကွက်ကြောင်းလည်း ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၁)ရက်နေ့က NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် တီမောလက်စတေးနိုင်ငံသမ္မတ ဟိုဆေးရားမို့စ်ဟော်တာ၏ ဖိတ်ကြားချက်အရ တီမောနိုင်ငံအစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် တက်ရောက်ခဲ့ပြီး တီမောလက်စတေးနိုင်ငံသမ္မတအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူပန်းချီကားကို ပေးအပ်ခဲ့သည်။
ထိုသို့တွေ့ဆုံပြီးနောက် ဇူလိုင်လ (၅)ရက်နေ့တွင် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးက ရန်ကုန်မြို့ရှိ တီမောလက်စ်တေးသံရုံးမှ သံရုံးယာယီတာဝန်ခံအား နေပြည်တော်သို့ခေါ်ယူပြီး တီမောလက်စ်တေး ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ (၉) ကြိမ်မြောက်အစိုးရ၏ ဝန်ကြီးချုပ်အသစ်နှင့် အစိုးရအဖွဲ့ဝင်များ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ NUGဝန်ကြီးများ တက်ရောက်ခဲ့ခြင်းကို ကန့် ကွက်ခဲ့သည်။
သို့သော်လည်း တီမောနိုင်ငံသမ္မတသည် NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းနှင့် ဩဂုတ်လ (၂၃)ရက်နေ့တွင် ထပ်မံတွေ့ဆုံခဲ့ပြီး တရားမျှတမှုဖော်ဆောင်နိုင်ရေးလုပ်ငန်းစဉ်များတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြသည့်အပြင် မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်ရေး လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုရလဒ်များ ဖြစ်ပေါ်လာနိုင်ရေးအတွက် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
#TachileikNewsAgency