လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းမှသာ ရွေးကောက်ပွဲကျင်းပမည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။
ရွေးကောက်ပွဲကျင်းပပေးမည်ဟု အကြိမ်ကြိမ်ပြောဆို၍ သန်းခေါင်းစာရင်းကောက်ယူထားသည့် စစ်ခေါင်းဆောင်က ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင်ကျရောက်သည့် (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့အတွက် ပေးပို့သည့်သဝဏ်လွှာတွင် ဖော်ပြပြောဆိုခြင်းဖြစ်သည်။
“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အန္တိမရည်မှန်းချက်ဖြစ်သည့် လွတ်လပ်၍ တရားမျှတမှုအပြည့်ရှိသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါသည်။ ဒေသအလိုက် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းမှသာ လွတ်လပ်၍ တရားမျှတမှုအပြည့်ရှိသည့် ရွေးကောက်ပွဲများ ကျင်းပနိုင်မည်ဖြစ်ပါသည်။”ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောသည်။
စစ်ကောင်စီအနေဖြင့် မဲဆန္ဒရှင်ပြည်သူများအားလုံး ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှု၊ မတရားတိုက်တွန်းမှု၊ အုပ်စုဖြင့် အနိုင်ကျင့်လွှမ်းမိုးမှု စသည့်မတရားမှုများမှ ကင်းဝေးစေပြီး သိက္ခာရှိသည့် ရွေးကောက်ပွဲ၊ တိကျမှန်ကန်သည့် ရွေးကောက်ပွဲဖြစ်စေရန် အလေးထားဆောင်ရွက်နေသည်ဟုလည်း ဆိုသည်။
သို့သော်လည်း လွတ်လပ်ပြီးတရားမျှတသည့် အထွေထွေရွေးကောက်ပွဲကျင်းပရန်အတွက် နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းမှုရှိရန်လိုအပ်၍ နိုင်ငံချစ်စိတ်၊ ပြည်ထောင်စုချစ်စိတ်များကို အရင်းခံကာ စည်းလုံးညီညွတ်စွာဖြင့် ဒေသအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ရွေးကောက်ပွဲကြီးအောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ပန်ကြားလိုသည်ဟုလည်း ဆိုသည်။
“စစ်ခေါင်းဆောင်က ရွေးကောက်ပွဲလုပ်ချင်တာမဟုတ်ဘူး။ အာဏာပဲ သိမ်းချင်တာ။ သူ့ကိုထောက်ခံတဲ့ ပါတီတွေအတွက် ရသေ့စိတ်ဖြေဖြစ်အောင်သာပြောနေတာ။ ဒီလိုပြောပြီး အချိန်တွေဆွဲ အုပ်ချုပ်သွားဖို့ အစီအစဉ်ရှိတယ်လို့တောင် ပြောလို့ရတယ်။ အခုအခြေအနေကြီးက လုံးဝတည်ငြိမ်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူး။ တကယ်လို့ သူသာစစ်ရှုံးနေတာကိုမြင်လို့ ရွေးကောက်ပွဲလုပ်မယ်ဆိုရင်တောင် ဒါသူ့ထွက်ပေါက် အစစ်အမှန်ဖြစ်လာမှာမဟုတ်ဘူး။”ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက Tachileik News News Agency ကိုပြောသည်။
ငြိမ်းချမ်းတည်ငြိမ်မှုရလျှင် ရွေးကောက်ပွဲကျင်းပရန် စီစဉ်ထားသော်လည်း တစ်နိုင်ငံလုံးတွင် ကျင်းပနိုင်မည် မဟုတ်ဟုလည်း စစ်ခေါင်းဆောင်သည် မကြာခဏပြောဆိုနေသော်လည်း မည်သည့်ခုနှစ်အတွင်း ပြုလုပ်ပေးမည်ကို ကတိမပေးနိုင်ဖြစ်နေသည်။
တော်လှန်ရေးအဖွဲ့များဘက်ကလည်း စစ်ကောင်စီက ပြုလုပ်မည့်ရွေးကောက်ပွဲကို လက်ခံမည်မဟုတ်ဟု ကန့်ကွက်ထားသည်။
စစ်ခေါင်းဆောင်သည် ရွေးကောက်ပွဲပြုလုပ်ရန်နှင့် တည်ငြိမ်အေးချမ်းမှုမရှိသေး၍ဆိုသော အကြောင်းပြချက်ဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလ(၃၁)ရက်နေ့တွင်ပြုလုပ်သည့် ကာလုံအစည်းအဝေးတွင် (၆)လ သက်တမ်းထပ်မံတိုးယူထားသည်။
လက်ရှိတွင် တော်လှန်ရေးတပ်များသည် မြို့ပေါင်း(၉၀)ကျော်ကို သိမ်းပိုက်ထားပြီး မြို့သိမ်းတိုက်ပွဲများ ဆက်လက်ဖော်ဆောင်နေသည်။
အင်အားချိနဲ့လာသည့် စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေပြဌာန်းကာ အပတ်စဉ်တစ်ခုလျှင် လူငယ်(၄၅၀၀)ဦးကျော် အဓမ္မစစ်မှုထမ်းခိုင်းစေပြီး ရှေ့တန်းသို့ပို့ဆောင်နေရာ အပတ်စဉ်(၁၀)အထိ ရောက်ရှိလာပြီဖြစ်သည်။
#TachileikNewsAgency
Photo:Myanmar Electronic Voting Machineကို စစ်ခေါင်းဆောင် ကြည့်ရှုနေစဥ် (ပုံဟောင်း)