ဇွန်လအတွင်း ရေဖြူမြို့နယ်အတွင်း၌ စစ်ကောင်စီနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ သုံးကြိမ်ဖြစ်ပွား

ဇွန်လအတွင်း ရေဖြူမြို့နယ်အတွင်း၌ စစ်ကောင်စီနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ သုံးကြိမ်ဖြစ်ပွား

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်း၌ ဇွန်လအတွင်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်  စစ်ကောင်စီတို့အကြား တိုက်ပွဲ (၃) ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း ဒေါနစစ်ကြောင်းထံမှ သိရသည်။

ရေဖြူမြို့နယ် သာယာမွန်ကျေးရွာအနီး၌ ၂၀၂၄ခုနှစ် ဇွန်လ(၇)ရက်နေ့ နံနက် (၁၀) နာရီခန့်မှစတင်ပြီး မွန်းလွဲ (၃) နာရီခန့်အထိ စစ်ကောင်စီနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးအပါအဝင် (၇) ဦးကျဆုံးကာ (၆) ဦးနှင့်အထက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဇူလိုင်လ (၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ထိတွေ့တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် သာယာမွန်ကျေးရွာရှိ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပြီး ကလေးငယ် (၂)ဦးအပါအဝင် မိသားစုဝင် (၄) ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဇွန်လ (၁၁)ရက်နေ့တွင် ရေဖြူမြို့နယ် ရာဖူးကျေးရွာထဲတွင် စစ်ကောင်စီတပ်များရောက်ရှိနေသည်ဟု သတင်းရရှိသဖြင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ နေ့လယ် (၁)နာရီခန့်တွင် ဒရုန်းဖြင့်သွားရောက် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ (ခလရ - ၂၇၃)မှ တပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် (၃)ဦး သေဆုံးခဲ့ကြောင်း ဒေါနစစ်ကြောင်းမှ ဆိုသည်။

၂၀၂၄ ခုနှစ် ဇွန်လ (၁၉)ရက်နေ့တွင် ရေဖြူမြို့နယ် မျောက်ချောကျေးရွာအနီးတွင် စစ်ကောင်စီနှင့်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ နံနက် (၈)နာရီခန့်မှ မွန်းလွဲ (၃)နာရီခန့်အထိ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများပြားခဲ့ကာ MA-2 သေနတ်တစ်လက် သိမ်းဆည်းရမိကြောင်း သိရသည်။

ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၂၂ မမ ၊ ၈၁ မမ တို့ဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့သည့်အပြင် လေကြောင်းပစ်ကူ(K8-W)ဖြင့် (၄) ကြိမ် တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ ပစ်ခတ်မှုများကြောင့် မျောက်ချောကျေးရွာနေ အမျိုးသမီးတစ်ဦး သွေးလန့်သေဆုံးခဲ့ပြီး နေအိမ်အလုံး (၄၀) ခန့်လည်း မီးလောင်ပျက်စီးခဲ့ကြောင်း ဒေါနစစ်ကြောင်းမှ ဆိုသည်။

အဆိုပါထိတွေ့တိုက်ပွဲတွင် မဟာမိတ်ပူးပေါင်းအဖွဲ့များမှ မစိုးရိမ်ရ ထိခိုက်ဒဏ်ရာ (၄)ဦး ရရှိခဲ့ပြီး ကျဆုံးမှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်ဒေါနစစ်ကြောင်း၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ NMSP(AD)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားတပ်မတော် ABSDF တပ်ရင်း -(၁)၊ KTLA ၊ တနင်္သာရီ တပ်ရင်း(၂) ၊ Ye Air Force(YAF) ၊ (Saw Dragon Drone Force - SDDF) ဒရုန်းအထူးတပ်ဖွဲ့ နှင့် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency