ညောင်ရွှေတိုက်ပွဲမှ ဖမ်းဆီးရမိသည့် PNO တပ်သား ၄ ဦးရုပ်သံ IPDF ထုတ်ပြန်

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ ရေပူကျေးရွာအနီးတိုက်ပွဲမှ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်ဖွဲ့ဝင် (၄)ဦးအား ဖမ်းဆီးရမိသည့်ရုပ်သံကို အင်းလေးပြည်သူ့ကာကွယ်ရေးတပ်(IPDF)က ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင် ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ(၁၆)ရက်နေ့က ရေပူကျေးရွာအနီးသို့ အင်အား(၁၀၀)ကျော်ဖြင့် ထိုးစစ်ဆင်လာသည့် PNO တပ်များကို အင်းလေးပြည်သူ့ကာကွယ်ရေးတပ်(IPDF) အမှတ်(၁၀၀၉)တပ်ရင်းနှင့် မဟာမိတ်တပ်များဖြစ်သော ပျားစစ်ကြောင်း၊ ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၂) PK-PDF-2 အမှတ်(၁၀၀၆)တပ်ရင်းနှင့် အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တပ်ဘက်က လေယာဉ်ဖြင့် (၃)ကြိမ်၊ လက်နက်ကြီးဖြင့် အကြိမ်ရေ (၅၀)ခန့် ပစ်ကူပေးခဲ့သော်လည်း မဟာမိတ်တပ် ရဲဘော်များ အထိအခိုက်မရှိခဲ့ဟု ဆိုသည်။

အဆိုပါတိုက်ပွဲအတွင်း PNO တပ်ဖွဲ့ဝင်(၅)ဦးထက်မနည်း သေဆုံးခဲ့ပြီး (၄)ဦး အရှင်ဖမ်းဆီးရမိကာ ‌လက်နက်(၅)လက်၊ ကျည်ဘောက်(၉)ခုနှင့် ကျည်တချို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Video:Battalion 1009:Inle People's Defence Force-IPDF