မြန်မာနိုင်ငံအတွင်း ကျားဖြန့်တိုက်ဖျက်ရေး စစ်ကောင်စီနှင့် တရုတ်တွေ့ဆုံ

မြန်မာနိုင်ငံအတွင်း ကျားဖြန့်တိုက်ဖျက်ရေး စစ်ကောင်စီနှင့် တရုတ်တွေ့ဆုံ

စစ်ကောင်စီနှင့် တရုတ်ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန လက်ထောက်ဝန်ကြီးတို့ နယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းများတိုက်ဖျက်ရေးအတွက် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၄)ရက်နေ့က နေပြည်တော်၌ ဆွေးနွေးကြသည်ဟု သိရသည်။

နှစ်နိုင်ငံအကြား လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ အွန်လိုင်းအသုံးပြုလောင်းကစားမှုများနှင့် ဆက်သွယ်ရေးလိမ်လည်မှုများအပါအဝင် နယ်စပ်ဖြတ်ကျော် မှုခင်းများအား နှစ်နိုင်ငံပူးပေါင်းတားဆီးနှိမ်နင်းရေးကိစ္စများကို ဆွေးနွေးကြသည်ဟု ဆိုသည်။

ထို့အပြင် ကရင်ပြည်နယ် မြဝတီဒေသရှိ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်နေသည့်ကိစ္စများ၊ အွန်လိုင်းလိမ်လည်မှု တားဆီးနှိမ်နင်းရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကိုလည်း ဆွေးနွေးသည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် အခက်အခဲများ ကြုံတွေ့နေရသဖြင့် ကူညီကယ်တင်ပေးနိုင်ရန် မေတ္တာရပ်ခံထားသော တရုတ်နိုင်ငံသားများ၏အခြေအနေများနှင့် ၎င်းတို့အား ကူညီကယ်တင်၊ လွှဲပြောင်းနိုင်မှုအခြေအနေများ၊ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းမှုအခြေအနေများကိုလည်း ဆွေးနွေးသည်ဟု သိရသည်။

ကရင်ပြည်နယ် မြဝတီနယ်မြေအတွင်း တရားမဝင်ရောက်ရှိနေသော နိုင်ငံခြားသားများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်နှင်နိုင်ရေးဆောင်ရွက်နေမှုများ၊ ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မြို့နယ် မိုင်းဟဒေသအတွင်း တရားမဝင် အွန်လိုင်းအသုံးပြုလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်ကိုင်သူများကို ဖမ်းဆီးအရေးယူခဲ့သည့် အခြေအနေများလည်း ပါဝင်သည်။

ထို့အပြင် တရုတ်နိုင်ငံမှအလိုရှိသော တရားခံပြေးများနှင့်ပတ်သက်၍ ဖမ်းဆီးရမိမှုနှင့် ပြန်လည်လွှဲပြောင်းပေးနိုင်မှုအခြေအနေများ၊ ကရင်ပြည်နယ် မြဝတီဒေသရှိ အွန်လိုင်းအသုံးပြုလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာအကောင်အထည်ဖော်နိုင်ရေး တရုတ်-မြန်မာ-ထိုင်း ၃ နိုင်ငံအကြား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး ကျင်းပပြုလုပ်နိုင်ရေးလည်း ဆွေးနွေးကြသည်ဟု သိရသည်။

ဆွေးနွေးမှုကို စစ်ကောင်စီဘက်က ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စမာကျားနှင့် တရုတ်ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန လက်‌ထောက်ဝန်ကြီး မစ္စတာလျိုကျုံးရီတို့အပြင် ကိုယ်စားလှယ်များတက်ရောက်သည်ဟု သိရသည်။

#TachileikNewsAgency

Photo:တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး